www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 17, 2018

ချင့်ချိန်ဆင်ခြင် စကားပြောဆို တတ်စေချင်


ဆောင်းပါး ၁၇-၅-၂ဝ၁၈

လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် အဓိကအားဖြင့် စကားပြောဆိုခြင်းကို အသုံးပြုကြရသည်။ သို့ဖြစ်ရာ စကားကိုကောင်းစွာ ပြောဆိုတတ်ရန် အလွန်အရေးကြီးသည်။ ထိုသို့အရေးကြီး ကြောင်းကို မြင်သာထင်ရှားရှိစေရန် မိမိတို့ပတ်ဝန်းကျင်ရှိ လူအချင်းချင်း စကားပြောဆို ဆက်ဆံမှုများကို ကြည့်၍ သုံးသပ်ကြည့်လျှင်ပင် သိမြင်နိုင်သည်။

ထိုသို့သုံးသပ်ကြည့်လျှင် စကားပြောမတတ်သူ၊ စကားပြောကောင်းသူ၊ စကားကို ပေါ့ပြက်ပြက် ပြောဆိုတတ်သူ၊ စကားဖလောင်းဖလဲ ပြောဆိုတတ်သူ၊ တည်တည်တံ့တံ့ ပြောဆိုတတ်သူ၊ ချင့်ချိန်ပြောဆိုတတ်သူ၊ စကားကြီးစကား ကျယ်ပြောဆိုတတ်သူ၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်သူနှင့် ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုတတ်သူ၊ အပြောနှင့် အလုပ်ညီသူ၊ မညီသူစသည့်ဖြင့် အမျိုးမျိုး တွေ့ရပေမည်။

ထိုသူများတွင် ၎င်းတို့စကား ပြောဆိုတတ်သည့် ပုံသဏ္ဍာန်နှင့် လုပ်ရပ်များအပေါ် မူတည်၍ လူချစ်လူခင်ပေါများမှု၊ လူရိုသေခံရမှု၊ ပြောသည့်စကား အောင်မြင်ပေါက်ရောက်မှု၊ လူ့အယုံကြည်ကင်းမဲ့မှု စသည့်ဖြင့် အကျိုးရလဒ် ရရှိမှုခြင်း မတူညီကြပေ။ တည်တည်တံ့တံ့၊ ချင့်ချင့်ချိန်ချိန်၊ ယဉ်ကျေးစွာပြောဆို တတ်သူများမှာ လူချစ်လူခင်ပေါများခြင်း၊ လူရိုသေခြင်း၊ လူယုံကြည်မှုရရှိခြင်း ခံရသူများဖြစ်သည်။ ပေါ့ပြက်ပြက်ပြောဆိုတတ်သူ၊ ဖလောင်းဖလဲပြောဆိုတတ်သူ၊ ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုတတ်သူ၊ စကားကြီးစကားကျယ် ပြောဆိုတတ်သူနှင့် အပြောနှင့် အလုပ်မညီသူများမှာ လူမုန်းများခြင်း၊ လူ့အရိုသေ ကင်းမဲ့ခြင်း၊ လူယုံကြည်မှု မရကြသည့်အပြင် လူအချို့၏ ရှုတ်ချခြင်းကိုပင် ခံကြရသည်။

ထို့ကြောင့် မြန်မာမှုနယ်ပယ်တွင် စကားနှင့် ပတ်သက်၍ အပြောမတတ်တော့ ဆဲသလို၊ စကားစကားပြောဖန်များ စကားထဲက ဇာတိပြ၊ ထောင်တန်သည့် စကားရယ်ပေါ့၊ စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကိုပယ် နှစ်ခွန်းတည်၊ ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်၊ လူပြောမသန်၊ လူသန်မပြောစသည်ဖြင့် စကားနှင့် ပတ်သက်သည့် ဆိုရိုးများ ပေါ်ထွန်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဟုတ်လည်းမဟုတ် သူလည်းမနာလို အကျိုးလည်း မရှိသောစကား၊ ဟုတ်ကားဟုတ်၏ သူကားမနာလို အကျိုးလည်းမရှိ။ ဟုတ်လည်းမဟုတ် အကျိုးလည်းမရှိ သူကားနာလို၏။ ဟုတ်လည်းဟုတ်၏ သူလည်းနာလို၏ အကျိုးကားမရှိ။ ဟုတ်လည်းဟုတ်၏ အကျိုးလည်းရှိ၏ သူကားမနာလို။ ဟုတ်လည်းဟုတ်၏ အကျိုးလည်းရှိ၏ သူလည်းနာလို၏ ဆိုသည့် စကားခြောက်ခွန်းကိုလည်း ညွှန်းဆိုပြသ ထားသကဲ့သို့ စကားကိုမပြောမီက ချင့်ချိန်၊ ပြောနေတုန်းဆင်ခြင်၊ ပြောပြီးလျှင် ပြန်စဉ်းစားဟု ရှေးပညာရှိတို့က မိန့်ဆိုခဲ့ကြသည်။

ရှေးစာဆိုတို့ကလည်း တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ ဟုတစ်သွယ်၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊ လည်လည်ပတ်ပတ်၊ လောကဝတ်၌၊ ပြတ်ပြတ် သားသား၊ အပြားပြားလျှင်၊ မှုများခပ်သိမ်း၊ ဆောင်တိုင်ငြိမ်းအံ့ဟု တစ်ဖုံ စာသထားပေသည်။

သို့ဖြစ်ရာ လူမှုဆက်ဆံရေး နယ်ပယ်တွင် အဓိက အကျဆုံးဖြစ်သော စကားပြောဆိုခြင်းကို ပေါ့ပေါ့တန်တန် သဘောမထား သင့်ပေ။ စကားပြောတတ်သူ ဖြစ်အောင် လူတိုင်းအားထုတ် သင့်သည်။ မြတ်စွာဘုရားရှင် ကလည်း "လတကာ လများထဲတွင် ဝါဆိုလက အမြတ်ဆုံး၊ သားတကာ သားများထဲတွင် သားကြီးသြရသက အမြတ်ဆုံး၊ အရပ်တကာ အရပ်များထဲတွင် မြောက်အရပ်က အမြတ်ဆုံးဖြစ်သကဲ့သို့ စကားတကာ စကားများထဲတွင် သာယာချိုအေးပြီး သူတစ်ပါးကို စိတ်ကြည်နူးစေသော စကားကသာ မင်္ဂလာအရှိဆုံးစကား"ဟူ၍ ဟောကြားထားသည်။

သာယာချိုအေး၍ ယဉ်ကျေးသော စကားကို လူတို့သာမက တိရစ္ဆာန်များပင် နှစ်သက် ကြလေသည်။ စာရေးသူတို့ ငယ်စဉ်က သင်ခဲ့ရသော ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ နန္ဒိသေလာ နွားလားဇာတ်တော်တွင် ပုဏ္ဏားက ယုတ်ရင်း ကြမ်းတမ်းစွာ ပြောဆို၍လှည်းကို ဆွဲခိုင်းရာတွင် နန္ဒိသေလာနွားလားသည် လှည်းကိုမဆွဲဘဲ နေခဲ့သည်။ ချိုသာယဉ်ကျေးသော စကားကို ပြောဆိုသောအခါမှ လှည်းကိုဆွဲသည်။

ယုတ်ရင်းကြမ်းတမ်းစွာ ပြောသည်ကလည်း လှည်းဆွဲရန် ဖြစ်သည်။ ချိုသာစွာပြော သည်ကလည်း လှည်းဆွဲရန် ဖြစ်သည်။ စကားအဓိပ္ပာယ် တူညီသည် ဆိုစေဦးတော့ အကျိုးသက်ရောက်မှုကတော့ ဆီနှင့်ရေ ပမာကွာခြား လွန်းလှ သည်ကို တွေ့မြင်ရသည်မှာ အတုယူဖွယ် ကောင်းလှသည်။

ထို့ပြင် သံဃာတော်များ၊ လူကြီးမိဘများ၊ ဆရာသမားများနှင့် ပြောရာတွင်လည်း ရိုရိုသေသေ၊ ယဉ်ယဉ်ကျေးကျေး ပြောရုံသာမက ဗန်းစကားများ ထည့်သွင်းပြောကြားခြင်း၊ အလွယ်တကူ နားမလည်နိုင်သော အသုံးအနှုန်းများဖြင့် ပြောကြားခြင်းများ မပြုလုပ်သင့်ပေ။ ရည်မွန်သင့်လျော်သော အသုံးအနှုန်းများဖြင့် ရည်ငံပြေပြစ်အောင် ပြောဆို သင့်ပေသည်။

ယခုခေတ်တွင် လူငယ်အချို့မှာ ဗန်းစကားများ ပြောဆိုရခြင်းကို ဂုဏ်တစ်ခုသဖွယ် ထင်မြင်နေကြသည်။ ၎င်းတို့ အချင်းချင်း ပြောဆိုနေ ကြသည်သာမက မိဘဆရာ သမားများကိုပင် ရံဖန်ရံခါ ပြောဆိုတတ် ကြပေသည်။

၎င်းတို့ ပြောဆိုသုံးနှုန်းသော စကားများမှာ ကြားရသူအတွက်လည်း နားဝင်ချိုဖွယ်မရှိပေ။ ဥပမာအားဖြင့် တင်ပြရသော် သူငယ်ချင်းကို သားကြီး၊ အဖေကို ဘိုးတော်၊ အမေကို ဘွားတော်၊ ၎င်းတို့ထက် အသက်ကြီးသော ဦးလေး အရွယ်များကို ဘဲကြီးစသည့်ဖြင့် နာမ်စားပြုပြောဆို ကြသည်မှာ အပြောခံရသူ မဆိုထားနှင့် ဘေးကကြားရသူပင် နားခါးဖွယ်ဖြစ်သည်။

အင်္ဂလိပ်စကား၊ ကိုရီးယားစကား စသည်တို့ကိုလည်း မြန်မာစကားပြောရာတွင် မလိုအပ်ဘဲ ကြားညှပ်သုံးကာ မပြောသင့်ပေ။ ထိုသို့ပြောခြင်းကို နားလည်သူရှိသကဲ့သို့ နားမလည်သူလည်း ရှိပေမည်။မိမိတတ်သိသည် ဆိုသော်လည်း တစ်ဖက်သား မသိနားမလည်နိုင်သော အသုံးအနှုန်းကို ထည့်သွင်း မပြောသင့်။ ထိုစကားလုံး၏ အဓိပ္ပာယ်နှင့် အသံထွက်ကို မိမိအနေဖြင့် ဂဃနဏ မသိဘဲလည်း မပြောသင့်ပါ။ လူရယ်စရာ ဖြစ်တတ်သည်။

သက်ကြီးဝါကြီး သူနှင့်ပြောလျှင် များများနားထောင် နည်းနည်းပြော ဟူ၍ဖြစ်သည်။ ထိုကဗျာ စာသားများအတိုင်း ချင့်ချိန်ဆင်ခြင် သတိထားပြောလျှင် စကားပြောဆို ဆက်ဆံရာတွင် ရာနှုန်းပြည့် မဟုတ်တောင် အထိုက် အလျောက်တော့ အဆင်ပြေ ချော့မွေ့စေမည် ဖြစ်ကြောင်း တွေ့ရသည်။

အချုပ်အားဖြင့် ဆိုရသော် လူအချင်းချင်းပြောဆို ဆက်ဆံကြရာတွင် နှုတ်ထွက်စကားကြောင့် မုန်းတီးခံ ရနိုင်သကဲ့သို့၊ နှုတ်ထွက်စကားကြောင့် ချစ်ခင်ခြင်းလည်း ခံရနိုင်သည်။ သို့ဖြစ်ရာ စကားပြောဆို ရာတွင်ချိုသာ ယဉ်ကျေးသော စကား၊ မင်္ဂလာရှိသော စကားနှင့် စကားလုံး အသုံးနှုန်းများကိုသာ ဆီလျော်အောင် ရွေးချယ်ပြောဆိုတတ်ရန် ပွားများအားထုတ် သင့်သည်။ ၃၈ ဖြာ မင်္ဂလာတရားတော် တွင်လည်း သုဘာသိတာ စယာဝါစာ အပြောအဆိုချိုသာယဉ် ကျေးခြင်းသည် ကောင်းမြတ်သော မင်္ဂလာဖြစ်သည်ဟု ပါရှိပေရာ လူတိုင်းလူတိုင်း ချင့်ချိန်ဆင်ခြင် စကားပြောဆို တတ်စေချင်မိပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။

မနောသစ် (ပခုက္ကူ)

ရတနာပုံနေ့စဉ်သတင်းစာ စာ (၂၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page