www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 24, 2017

FDA ထောက်ခံချက်မပါသော ရေသန့်လုပ်ငန်းများ အရေးယူမည်ဟု ကြေညာပြီးနောက် ရေသန့်လုပ်ငန်း ၁၀ ခုထိလိုင်စင် လျှောက်ထားလာ



ထားဝယ် ၊ ၂၄-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီးအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ၏ ထောက်ခံချက် မပါသော သောက်ရေသန့် လုပ်ငန်းများကို အရေးယူမည်ဟု ကြေညာပြီးနောက် သောက်ရေသန့် လုပ်ငန်း ၁ဝ ခုထိ လိုင်စင် လျှောက်ထား လာကြောင်း သိရသည်။

FDA ထောက်ခံချက် မရှိသော ရေသန့်များကို စိစစ်အရေးယူ ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြေညာပြီး နောက်ပိုင်း ယင်းကဲ့သို့ သောက်ရေသန့် လုပ်ငန်းသစ်များ လိုင်စင်လျှောက်ထား လာခြင်း ဖြစ်ကြောင်း သိရသည်။

''ထောက်ခံချက် မရှိတဲ့ ရေသန့်အနေနဲ့ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းမှုမရှိတဲ့ အတွက် လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်ထုတ်ကုန်ကို FDA မှာ ထုတ်လုပ်ခွင့် လိုင်စင်လုပ်ရမယ်။ ပြည်သူတွေ အနေနဲ့လည်း ထောက်ခံချက်ရှိတဲ့ ရေသန့်တွေကိုပဲ ဝယ်သောက်ကြဖို့ တိုက်တွန်းချင် ပါတယ်''ဟု တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA မှ တိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင် က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်း ထောက်ခံချက် သက်တမ်းရှိ ရေသန့်လုပ်ငန်းများ သက်တမ်းတိုး လျှောက်ထားဆဲနှင့် လုပ်ငန်းသစ် အတွက် လျှောက်ထားဆဲ ရေသန့်လုပ်ငန်း စုစုပေါင်း ၂၆ ခုရှိပြီး ထောက်ခံချက် မရှိသော ရေသန့်များကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း စိစစ်အရေးယူ မည်ဟု ကြေညာထား သော်လည်း လက်ရှိတွင် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger