www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 28, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ (USIP) ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမေရိကန်ပြည်ထောင်စု
 ငြိမ်းချမ်းရေးအဖွဲ့  United State Institute of Peace(USIP) ဥက္ကဋ္ဌ Ms. Nancy Lindborg 
တို့အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၂၈-၂-၂၀၁၇

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ United State Institute of Peace(USIP) ဥက္ကဋ္ဌ Ms. Nancy Lindborg အား ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး( ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ တက်ရောက်ကြပြီး Ms. Nancy Lindborg နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးဟောင်း Mr.Derek Mitchel နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုသည့် ဆန္ဒမရှိပါက အခက်အခဲ ရှိနိုင်ကြောင်း၊ တစ်ဖက် အဖွဲ့အစည်းများ အနေဖြင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းတွင် တရားဥပဒေနှင့် အညီသာ လုပ်ဆောင် ရသည့် ဒီမိုကရေစီကျင့်စဉ် ကိုနားလည်ရန်၊ လက်ခံရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး မူဝါဒ(၆)ရပ် ချမှတ် လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း၊ NCA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆွေးနွေးမှု၊ တောင်းဆိုမှုများ အပေါ် အချိန်ယူ၍ အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်၍ ယင်းစာချုပ်ပေါ်တွင် အခြေခံကာ အေးချမ်းစွာ တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် USIP ဥက္ကဋ္ဌ Ms. Nancy Lindborg နှင့် သံအမတ်ကြီးဟောင်း Mr.Derek Mitchel တို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ များစွာရှုပ်ထွေးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ အရေအတွက်၊ အမျိုးအစား များပြားသည်ကို သိရှိပါကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကိုလည်း နားလည်ကြောင်း၊ ပြည်သူများ၏ ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ကြောင်းနှင့် ရခိုင်ဒေသ ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တုံ့ပြန်မှု၊ ပွင့်လင်းမြင်သာမှု အားနည်းသည် ဟု နိုင်ငံတကာမှ ရှုမြင်ကြ၍ ပိုမို ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ကြောင်း ပြန်လည် ဆွေးနွေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရခိုင်ဒေသ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်မှ ဒုတိယသမ္မတ ဦးဆောင်သည့် အဖွဲ့ဖြင့် စစ်ဆေးနေပြီး တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦး ခေါင်းဆောင်သည့် အဖွဲ့တို့ဖြင့် စစ်ဆေးလျက် ရှိရာ မြေပြင် အခြေအနေနှင့် စွပ်စွဲပြောဆိုချက် များမှာ များစွာလွဲမှား နေကြောင်း၊ လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် ဥပဒေနှင့် အညီသာ လုပ်ဆောင်နေကြောင်း၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေမှန် များကို အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် နေကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း သံတမန်များဖြင့် သတင်းထုတ်ပြန် နေကြောင်း၊ ယင်းထုတ်ပြန်မှု များအပေါ် တွင်လည်း သမာသမတ် ကျစွာ ရှုမြင်သုံးသပ်ရန် လိုကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် USIP ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger