www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 28, 2017

ကျန်းမာရေးသည်ပဓာန အာဟာရသည်ပထမ


ကျန်းမာရေးသည်ပဓာန အာဟာရသည်ပထမ

လူဖြစ်လာလျှင် အသက်ရှင်သန်ရေး အတွက် ကျန်းမာရေး ကောင်းမွန်ဖို့သည် ပဓာန လိုအပ်ချက် ဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်ရန် စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါး ပြည့်စုံဖို့လိုသည်။ လူ့ဘဝ အသက်ရှင် ကျန်းမာနိုင်ရန် အတွက် ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်နံနက် ဟူသော ဆိုရိုးစကားရှိသည့် အားလျော်စွာ အာဟာရဓာတ် ပြည့်ဝသော အစားအစာကို သင့်တင့် မျှတအောင် စားသောက်ကြ ရသည်။ အာဟာရဓာတ် ပြည့်ဝသော အစားအစာများကို ရွေးချယ်၍ သင့်တင့်မျှတအောင် စားသုံးခြင်းသည် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုစကားနှင့် ညီညွတ်စေသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘုရင်မကောလိပ်မှ သုတေသီများ၏ လေ့လာတွေ့ရှိချက် အရ အလေးချိန်ဂရမ် ၈ဝ (၈ဝါ) နှင့်ညီမျှသော အသီးအရွက် များကို တစ်နေ့လျှင် ၁ဝ မျိုးစားသုံးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်းနှင့် နှလုံးရောဂါ ဖြစ်ပွားမှု ၂၄ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း သုတေသန စာတမ်း ဦးဆောင်ပြုစုသူ Dr. Dagfinn Aune ၏ ပြောပြချက်အရ သိရသည်။ အသီးအရွက်များတွင် ပါဝင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်း များသည် DNA ပျက်စီးမှုကို လျှော့ချနိုင်ပြီး ကင်ဆာဖြစ်ပွားမှု ကိုပါ လျှော့ချနိုင်သော အာနိသင် ရှိသည်။ အသီးအရွက် များကို စားသုံးခြင်းဖြင့် ကိုလက်စထရော ပါဝင်မှု များပြားခြင်းနှင့် သွေးခုန်နှုန်း မြန်ဆန်ခြင်း တို့ကို လျော့နည်းစေသည် သာမက သွေးကြောများ သန်မာစေခြင်း တို့ကြောင့် ရောဂါဖြစ်ပွားမှု လျော့နည်း သက်သာစေရန် ထိန်းထားနိုင်သည့် အာနိသင် ရှိသည်။

သုတေသီများသည် အသီးအရွက် စားသုံးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးတရားကို သိနိုင်ရန် ၉၅ ကြိမ် လေ့လာဆန်းစစ် ခဲ့ရာ အရွယ်မတိုင်မီ သေဆုံးသူ အရေအတွက် သုံးပုံတစ်ပုံခန့် လျော့နည်းကြောင်း တွေ့ရသည်ဟု ဆိုသည်။ 

ကိန်းဂဏန်း များဖြင့် ဖော်ပြထားချက် အရ အလေးချိန်ဂရမ် ၈ဝ နှင့်ညီမျှသော အသီးအရွက်ကို တစ်နေ့ငါးကြိမ် စားသုံးပါက ဗြိတိန်နိုင်ငံ ပြည်သူများ အတွက် အရွယ်မတိုင်မီ သေဆုံးသူ ၃၂ဝဝဝ လျော့နည်းနိုင်ကြောင်း နှင့် တစ်နေ့ ၁ဝ ကြိမ် စားသုံးပါက ၅၃ဝဝဝ လျော့နည်း နိုင်ကြောင်း သုတေသီများက ခန့်မှန်း ထားကြသည်။

အပြည်ပြည်ဆိုင်ရာ ကူးစက်တတ်သော ကပ်ရောဂါဗေဒ ဆိုင်ရာ ပညာပေး ဂျာနယ်က ဖော်ပြထားရာတွင် အသီးအရွက် စားသုံးခြင်းသည် ရောဂါကာကွယ်မှု အတွက် အကောင်းဆုံး အထောက်အပံ့ ဖြစ်သဖြင့် ပန်းသီး၊ သစ်တော်သီး နှင့် လိမ္မော်၊ ရှောက်၊ သံပရာ တို့ကို စားသုံးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါ နှင့်အရွယ်မတိုင်မီ သေဆုံးခြင်းတို့ကို ကာကွယ်နိုင်ကြောင်း၊ ဆလတ်ရွက်နှင့် အခြားသီးနှံ အရွက်များ စားသုံးခြင်း သည်လည်း ဆိုခဲ့သော အသီးများနှင့် အာနိသင် တူညီကြောင်း ဖော်ပြထားသည်။

အသီးအနှံများ စားသုံးကြရာတွင် လိုက်ချီးသီး နှင့်စပ်လျဉ်း၍ ဘီဘီစီ သတင်းဌာနက ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သော သတင်းကို ကိုးကား၍ မြဝတီ သတင်းစာ၌ ဖော်ပြ ထားကြောင်း တွေ့ရသည်။ မြန်မာပြည်သူများ စားသုံးနေ ကြသော လိုက်ချီးသီးသည် ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချပေး နိုင်ခြင်း၊ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု အားကောင်းစေခြင်း၊ ရေယုန်ကဲ့သို့ အရေပြား ပေါ်တွင် ဖြစ်တတ်သော အနာပိုးများ ပျံ့နှံ့မှုကို ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ နေရောင်ခြည် သင့်သောကြောင့် ဖြစ်သော အရေပြားရောဂါကို ကာကွယ်ပေးခြင်း၊ အစာကြေညက် စေခြင်း၊ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ကို မျှတစေသော အာနိသင်များ ရှိခြင်းကြောင့် အစာစားပြီးတိုင်း လိုက်ချီးသီး သုံးလုံး စားသင့်ကြောင်း သိရသည်။

ဘီဘီစီ သတင်းဌာနက နောက်တစ်မျိုး ဖော်ပြထားသည်မှာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ ကလေးငယ် များသည် ဗိုက်ထဲတွင် အစာမရှိဘဲ လိုက်ချီးသီး စားကြရာ ထူးခြားသော အဖျားရောဂါ တစ်မျိုး ခံစားရပြီး တစ်နှစ်အတွင်း သေဆုံးသူဦးရေ ၁ဝဝ ကျော်ရှိသည် ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံမှ သိပ္ပံပညာရှင် များက ဖြစ်စဉ်နှင့် စပ်လျဉ်း၍ လေ့လာဆန်းစစ်ပြီး ၄င်းတို့၏ သုံးသပ်ချက်ကို ထုတ်ဖော်ပြောဆို ကြရာ၌ ဘီဟာပြည်နယ် အတွင်း နေထိုင်ကြသော ချို့တဲ့သည့် ကလေးငယ် များသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခု ကစတင်၍ အပင်မှ ကြွေကျသော လိုက်ချီးသီး စားပြီးသည်နှင့် ရုတ်တရက် ဖျားနာလာပြီး သတိမေ့မြော သွားကာ ခံစားရသူ တစ်ဝက်ခန့် သေဆုံးသွားကြောင်း သိရသည်။ ကလေးများ သေဆုံးရသည့် အကြောင်းမှာ လိုက်ချီးသီးတွင် ပါဝင်သော အဆိပ်သည် ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်ကို ယုတ်လျော့ စေနိုင်သော အာနိသင်ရှိခြင်း ကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည် ဟု ဖော်ပြထားသည်။

ထို့ကြောင့် နေ့စဉ်အာဟာရ ဖြည့်ဆည်းကြရာတွင် အသီးအရွက် စားသုံးခြင်းသည် ကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေသည်ဟု ပုံသေကားကျ မှတ်ယူခြင်းထက် စားသုံးရန် အချိန်ကာလနှင့် နည်းစနစ်တို့ကို လေ့လာစူးစမ်း စားသုံးခြင်း သည်သာ အကျိုးများ နိုင်မည် ဖြစ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger