www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 28, 2016

သွေးတိုးရောဂါရှိသူများ ဆောင်းကာလမှာ သတိထား


သွေးတိုးရောဂါရှိသူများ ဆောင်းကာလမှာ သတိထား

ကြည်လွင်မြင့် (မုဒြာ)

သွေးတိုးရောဂါသည် ပူလွန်းသော ရာသီနှင့်လည်း မသင့်၊ အေးလွန်းသော ရာသီနှင့်လည်း မသင့်သော ရောဂါမျိုးဖြစ်သည်။ ပူလွန်းလျှင် အပူဒဏ်ကြောင့် သွေးကြောများ ကျယ်ပြန့်ကာ သွေးလျှံပွလာပြီး ဦးနှောက်သို့ သွေးတိုးဆောင့်၍ တိုးကာ မူးလဲတတ် သည်။ အေးလွန်းလျှင်လည်း သွေးကြောများ ကျုံ့ပြီး မာကျစ်ကာ သွေးဖိအား တက်လာသည်။ သွေးမရောက် သော အစွန်အဖျား နေရာများသို့ သွေးရောက်စေရန် နှလုံးမှပို၍ ညှစ်ရာမှ သွေးဖိအား တက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လူကြီးများ ဆောင်းကာလတွင် သွေးပေါင်ချိန် အနည်းငယ် ပိုတက်လေ့ ရှိသည်မှာ ရောဂါ မဟုတ်ပေ။

ဆောင်းတွင်း နံနက်စောစော ကျုံးဘေးတွင် လမ်းလျှောက်နေကျ လူကြီးတစ်ဦး သည် ခေါင်းမူး လာသဖြင့် အိမ်ပြန်လာပြီး နောက် သမီးဖြစ်သူ ဆရာဝန်မက သွေးချိန်ကြည့် သောအခါ သွေးပေါင်ချိန် တက်နေကြောင်း တွေ့ရသည်။ အအေးပတ်ပြီး သွေးတိုး လာခြင်းသည်။ ထိုသူသည် အင်္ကျီလက်ရှည် ဝတ်ထားပြီး အပေါ်မှ ကုတ်အင်္ကျီ ထပ်ဝတ်ထား သေးသည်။ သူ၏ အဓိက ချို့ယွင်းချက်မှာ အင်္ကျီလည်ပင်း ကြယ်သီး ဖွင့်ထားခြင်း ကြောင့်ဖြစ်သည်။ သတိမမူ ဂူမမြင်ဆိုသော စကားအတိုင်း အနွေးထည် ၀တ်ထားသဖြင့် လုံခြုံပြီဟု ထင်ကြသော်လည်း လည်ပင်းဖွင့်ထား သောအခါ လည်ပင်းနှစ်ဖက်ရှိ ဦးနှောက်ထိ သွေးပို့သော သွေးကြောကြီး နှစ်ချောင်းမှာ အအေးပတ်ပြီး ကျုံ့လိုက်သည်။ ထိုအခါ ဦးနှောက်သို့ သွေးအရောက် နည်းသွားသည်။ နှလုံးက သွေးပိုရောက် စေရန် ပို၍ ညှစ်ပေးသည်။ ထို့ကြောင့် သွေးပေါင်ခေါ် သွေးဖိအားတက် လာရခြင်းဖြစ်သည်။ ရှေးခေတ်က လူကြီးများ လမ်းလျှောက် ထွက်ကြသော အခါ အပေါ်က ကုတ်အင်္ကျီနှင့် အောက်ပိုင်းက ပုဆိုး၊ ရှူးဖိနပ်နှင့် လက်တွင် တုတ်ကောက် ကိုင်ထားကာ ထူးခြားချက်မှာ လည်ပင်းတွင် မာဖလာ ပတ်ထားကြသည်။ ဦးခေါင်းတွင် နှင်းမကျ စေရန် ဦးထုပ်တစ်လုံး ကို ဆောင်းထားသည်။ ဤသည်ကို ရှေးက 'ဗိုလ်အောင်ဒင် စတိုင်' ဟု ခေါ်ကြသည်။

ဤ ဝတ်စားဆင်ယင် မှုမှာ ကျန်းမာရေး ရှုထောင့်က ကြည့်လျှင် အမှန်ကန်ဆုံး ဖြစ်သည်။ တုတ်ကောက်ပါ သဖြင့် ရုတ်တရက် လဲကျမှာလည်း မပူရ။ လည်ပင်းတွင် မာဖလာ ပတ်ထားသဖြင့် လည်ပင်း သွေးကြောများ အအေးပတ်ပြီး သွေးတိုးမှာလည်း မပူရသော ဝတ်စား ဆင်ယင်မှု ဖြစ်သည်။

အဝတ်ပြီးလျှင် အစားဘက်သို့ သတိပြုရမည်။ ဆောင်းကာလမှာ ကိုယ်တွင်းအပူ ငုပ်သော ရာသီ၊ ချွေးမထွက်သော ရာသီ ဖြစ်သဖြင့် ဝမ်းတွင်းပူပြီး ဆာလောင် တတ်သည်။ အစားများလျှင် အစာမကြေ ဖြစ်တတ်သည်။ အစာကို နည်းနည်းနှင့် အကြိမ်များများ စားရမည်။ နှစ်နာရီ၊ သုံးနာရီလျှင် တစ်ကြိမ်ခန့် အစားစား ပေးလျှင် သင့်သည်။ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်၊ ဆန်စေး၊ ရှမ်းဆန်များကို သင့်ရုံသာ စားသင့်သည်။ အစားများ သွားသည်ဟု ထင်လျှင် စားပြီးလျှင် ရေနွေးကြမ်းတွင် ဆားလှော် အနည်းငယ်မျှ ထည့်၍ သောက်လျှင် အစာကြေပြီး လေလည်းကြေစေ နိုင်သည်။ နေ့လယ်စာ စားပြီးလျှင် ထန်းလျက်ခဲ စားခြင်း ဖြင့်လည်း အစာကြေ စေနိုင်သည်။

ဝမ်းတစ်လုံး ကောင်းလျှင် ခေါင်းတစ်လုံး မခဲ ဟူသော စကားသည် ရိုးနေပြီဟု ထင်ရသော်လည်း အလွန် မှန်ကန်သော စကားဖြစ်သည်။ ဆောင်းဥတုတွင် ဝမ်းချုပ်လျှင် အပူအထက် ပြန်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင် ခြောက်ပြီး သွားနာ၊ သွားဖုံးနာ၊ အာသီးရောင်နာ ရောဂါများ ဖြစ်တတ်သည်။ ဝမ်းမချုပ် စေရန် သုံးရက်လျှင် တစ်ကြိမ်ခန့် မန်ကျည်းမှည့် နှင့် ဆားခါးကို တေဆေး ပြုလုပ်၍စားခြင်း (သို့မဟုတ်) မန်ကျည်းမှည့် အနှစ်ကို ထန်းလျက်နှင့် ဆားအနည်းငယ် ထည့်စိမ်ပြီး ညအိပ်ရာဝင် ခါနီးအချိန်တွင် သောက်ပေးခြင်း ဖြင့် ဝမ်းမှန်ကာ ကျန်းမာ စေနိုင်သည်။

ဝမ်းချုပ်ခြင်းသည် သွေးတိုးတက် စေခြင်း၏ အကြောင်းရင်းခံ ဖြစ်သည်ကို ဆေးပညာရှင် များစွာက သတိပြုမိ လာကြသဖြင့် မိမိ၏လူနာ များကို ဝမ်းမှန်စေသည့် ဆေးကိုပါ တွဲဖက်၍ ပေးလေ့ရှိသည်။ မာသောအစာ၊ ကောက်ညှင်း ကဲ့သို့ အစာကြေခဲ သောအစာ များကြောင့် အူမကြီး၏ အဆုံးတွင် ပိတ်မိကာ စမြင်းခံပြီး မအီမလည် ဖြစ်သကဲ့သို့ ခံစားနေရသူ များကို သွေးပေါင်ချိန် ကြည့်သောအခါ သွေးတက် နေသည်ကို တွေ့ရသည်။ 

ထိုသွေးတိုးသည် ရောဂါကြီး ရှိ၍မဟုတ်။ လတ်တလော ဝမ်းချုပ်ခြင်းကြောင့် ဖြစ်ရသော ယာယီ သွေးတိုးမျှသာ ဖြစ်သည်။ ဝမ်းသွားအောင် ဝမ်းနုတ်ဆေး ပေးခြင်း၊ လိုအပ်လျှင် ဝမ်းချူပေး ခြင်းဖြင့် သွေးတိုး ကျသွားအောင် ဆောင်ရွက်ပေး နိုင်သည်။

ဆောင်းဥတုတွင် ဝမ်းတွင်း၌ အပူငုပ်ပြီး အပြင်သို့ ကန်ထွက်စရာ ချွေးထွက်ခြင်း မရှိသဖြင့် ဆီးသွားခြင်းဖြင့် အပူကို ထုတ်ရသည်။ ဆောင်းတွင် ဆီးမကြာခဏ သွားရခြင်းသည် အပြစ်မရှိပေ။ ရောဂါလည်း မဟုတ်ပေ။ သဘာဝက ဤသို့ သွားအောင် ပြုခြင်းဖြစ်သည်။ ဝမ်းတွင်းအပူ များသဖြင့် ရေများများ သောက်သင့်သည်။ အထူးသဖြင့် နံနက်အိပ်ရာ ထချိန်နှင့် ညအိပ်ရာ ဝင်ချိန်များတွင် ရေများများ သောက်သင့်သည်။ ရေသောက်နည်းလျှင် ဆီးသွားနည်းမည်။ ဆီးသွားနည်းလျှင် ကျောက်ကပ်တွင် အပူအောင်းပြီး သွေးတိုးတက် လာလေ့ရှိသည်။ အချို့ သွေးတိုးတတ်သော သက်ကြီးရွယ်အို များကို ဆရာဝန်များက သွေးတိုးကျဆေး အပြင် ဆီးဆေးကိုပါ ထည့်ပေးလေ့ ရှိသည်ကို တွေ့ရသည်။

လေချုပ်ခြင်း ကြောင့်လည်း သွေးတိုးတတ်သည်။ အနောက်တိုင်း ဆေးပညာနှင့် ဆရာဝန်များသည် လေလည်သည်၊ မလည်သည်ကို မေးလေ့ မရှိသော်လည်း ရှေးမြန်မာ သမားတော်ကြီး များသည် လေလည်၊ မလည်ကို လူနာကို စစ်မေးလေ့ ရှိသည်။ လေချုပ်ခြင်းကြောင့် နေထိုင်မကောင်း ဖြစ်သည်ဟု အာယုဗေဒ ဆေးကျမ်း များတွင်လည်း တွေ့ရသည်။ အာယုဗေဒ ဆေးပညာတွင် လေငါးမျိုးရှိရာ 'အပါနလေ'သ ည် အစာဟောင်း အိမ်၌ တည်ရှိပြီး ခါး၊ ပေါင်မှ အောက်ပိုင်းသို့ သွေးစီးဆင်းမှုကို တွန်းအားပေး တတ်သောလေ ဖြစ်သည်။ ဝမ်းချုပ်၍ ထိုလေပျက်သော အခါ အောက်ပိုင်းသို့ သွေးအသွားအလာ မကောင်းတော့သဖြင့် သွေးသည် အထက်သို့ ဆန်တက်ကာ သွေးတိုးရောဂါ ကို ဖြစ်စေနိုင်သည်။ သွေးတိုးရောဂါကို ကာကွယ်ရန် အတွက် လေချုပ်မည့် အစာများကို အထူးသတိပြု ရှောင်ကြဉ် သင့်သည်။ တညင်းသီး၊ ဖန်ခါးသီး၊ မာလကာသီး၊ သဖန်းသီး၊ သစ်ဆိမ့်သီး၊ အာလူး၊ လက်ဖက်၊ ကောက်ညှင်းဆန်၊ ဘဲသား၊ ပုစွန်၊ ကဏန်း စသည်တို့သည် လေချုပ်စာများ ဖြစ်သည်။

ဆီး၊ ဝမ်း၊ သွေး၊ လေ ဓာတ်လေးပါး ညီညွတ်နေလျှင် လူတိုင်း ကျန်းမာနေမည်သာ ဖြစ်သည်။ ထိုဓာတ်လေးပါး ကိုလည်း အရမ်းမဲ့ညှိ၍ မရ။ ရိုးရာ ဆေးပညာက ဓာတ်လေးပါးမသိ ဥတုနှင့်ညှိ ဟု ဆိုသဖြင့် ဆောင်းတွင် ဆောင်းဥတုနှင့် ညှိပြီး လေမချုပ်၊ သွေးမချုပ်၊ ဆီးမချုပ်၊ ဝမ်းမချုပ်သော ဓာတ်စာ၊ ဆေးဝါးကိုပေးမှ သာ ကျန်းမာရေးနှင့် ညီညွတ်မည် ဖြစ်သည်။

သွေးတိုးရောဂါသည် မြန်မာဆေးပညာ အလိုအရ လေတိုးရောဂါပင် ဖြစ်သည်။ ထိုလေသည် အပူငုပ်သော ဆောင်းကာလတွင် ကိုယ်တွင်း၌ လှည့်လည် နေရာမှ အောက်သို့ မစုန်မသက်ဘဲ အထက်သို့ ဆန်တက်လျှင် သွေးတက် လာသည်ကို သတိပြုဆင်ခြင် နိုင်စရာ ရေးသားတင်ပြ ရခြင်းဖြစ်သည်။ အအေးပတ်ခြင်း ကြောင့်လည်း လေသည် ကိုယ်တွင်းမှ အပြင်သို့ မထွက်နိုင်ဘဲ အတွင်းမှ လှည့်မွှေကာ ဒုက္ခပေးတတ်သည်။ လေအေးမှ လေပူဖြစ်ကာ အထက်သို့ ကန်တက်တတ် သဖြင့် သွေးတိုးရောဂါ ရှိသူများ ဦးနှောက် သွေးကြော ပြတ်ကာ လဲကျတတ်သည်ကို တွေ့ရသည်။ သက်ကြီး ရွယ်အိုများတွင် သွေးကြော ပိုက်လိုင်းများ ဆွေးမြည့်ပြီ ဖြစ်သဖြင့် လူငယ်များနှင့် မတူ အအေးမပတ်အောင် ပိုပြီး သတိရှိရန် လိုသည်။

အချုပ်အားဖြင့် သွေးတိုးရောဂါ ရှိသူများသည် ဆောင်းကာလတွင် ဆင်ခြင်စရာများမှာ-
  • ၁။ အပြင်ထွက်လျှင် အဝတ်ထူထူ ဝတ်ဆင်ပါ။ အင်္ကျီလည်ပင်းကို ဖွင့်မထားပါနှင့် ဖြစ်နိုင်လျှင် မာဖလာပတ်ထားပါ။
  • ၂။ ဝမ်းမချုပ်ပါစေနှင့် နေ့စဉ်ဝမ်းမှန်အောင် အသီးအနှံစားပါ။ ရေများများ သောက်ပါ။ လမ်းလျှောက်ပေးပါ။
  • ၃။ မာကျောသောအစာ၊ အစာကြေခဲသော အစာများကို မစားပါနှင့်။ အစာကိုနည်းနည်းနှင့် အကြိမ်များများ စားသင့်သည်။
  • ၄။ လေချုပ်စေသော အစာ၊ ဆားအငန်များသော အစာ၊ အပုပ်ခံထားသော အစာ၊ အချဉ်ဖောက် ထားသော အစာများကို ရှောင်ကြဉ်ပါ။
  • ၅။ နံနက်စောစော ရေချိုးခြင်း၊ ညနေနှင့်ညပိုင်းတွင် ရေချိုးခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။ နေ့လယ် နေအလင်းရောင် ရှိသော အချိန်တွင်သာ ရေချိုးပါ။
  • ၆။ နေရောင်ခြည်ရအောင် နေ့စဉ်နေထိုင်ပါ။ နေရောင်ခြည် မဝင်သော အခန်းတွင် အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။ အိပ်ရာ၊ စောင်များကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် နေလှန်းပေးပါ။

သွေးတိုးရောဂါသည် သတိပြု နေထိုင်လျှင် သက်တမ်းစေ့ နေနိုင်သည်။ သတိမပြုဘဲ အနေအထိုင် အစားအသောက် မှားလျှင် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပေါက်ခြင်း တို့ကြောင့် မသန်စွမ်းဘဝ ရောက်ခြင်း၊ အသက်ဆုံးရှုံးခြင်း တို့ ဖြစ်နိုင်သဖြင့် အထူးသတိပြု စေလိုသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger