www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 22, 2016

KIA လက်နက်ကိုင်အဖွဲ့မှ တပ်မတော် စစ်ကြောင်းအား မိုင်းထောင်ဖောက်ခွဲရန် ရောက်ရှိနေသည့် အဖွဲ့ဝင်များအား ဖမ်းဆီးရမိ ၊ ၄င်းတို့ထောင်ထားသည့် မိုင်းအား ပြန်လည်ဖော်ယူစဉ် ပေါက်ကွဲသေဆုံး


နေပြည်တော် ၊ ၂၂-၈-၂၀၁၆

ကချင်ပြည်နယ်၊ ရှဒူဇွပ်ဒေသ အတွင်းရှိ တပ်မတော်စစ်ကြောင်း များအား မိုင်းထောင် ဖောက်ခွဲရန် ရောက်ရှိနေသည့် KIA လက်နက်ကိုင်အဖွဲ့ဝင်နှစ်ဦးအား သြဂုတ် ၂ဝ ရက်တွင် ဖမ်းဆီးရမိ ခဲ့သည်။ ဖြစ်စဉ်မှာ ညနေ ၆ နာရီအချိန်ခန့်တွင် ကာမိုင်းမြို့နယ်၊ မြစ်ကြီးနား-တနိုင်း သွားကားလမ်းမကြီး ပေါ်ရှိ ဝရာဇွပ်ကျေးရွာနှင့် ရှဒူဇွပ်ကျေးရွာကြား၊ ကားလမ်း အနောက်ဘက် ၁ မိုင်ခန့်အကွာ၊ ဒေသအခေါ် ဂျာဝမ်လမ်းဆုံ ၌ တပ်မတော် စစ်ကြောင်းက လှည့်ကင်း ဆောင်ရွက်စဉ် ဈေးတန်းရှိ ဘီယာဆိုင်အတွင်း KIA လက်နက်ကိုင် အဖွဲ့ဝင်များဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူနှစ်ဦးအားတွေ့ရှိ ရသဖြင့် စစ်ဆေး မေးမြန်းခဲ့ရာ KIA လက်နက်ကိုင် အဖွဲ့မှ တပ်သားအဆင့်ရှိ ကလန်ဖန်းအောင် နှင့် စည်းရုံးရေးမှူး အဆင့်ရှိသူ မွန်းအောင် တို့ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့နှစ်ဦးသည် ကျေးရွာအတွင်း အရပ်သားအသွင်ဖြင့် သွားလာ လှုပ်ရှားကာ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားမှု သတင်းများအား ရယူရန်နှင့် မိုင်းထောင် တိုက်ခိုက်ရန် စေလွှတ်ထား သူများဖြစ်ကြောင်း၊ ယခုလည်း ရှဒူဇွပ်ကျေးရွာ ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် တပ်မတော် စစ်ကြောင်းအား ချောင်းမြောင်း ဖောက်ခွဲ တိုက်ခိုက်ရန် အတွက် မိုင်းနှစ်လုံး ထောင်ပြီး ပြန်လာစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း စစ်ဆေး သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် KIA လက်နက်ကိုင် အဖွဲ့ဝင်နှစ်ဦးအား ၄င်းတို့ထောင်ထားသည့် မိုင်းများ ပြန်လည်ဖော်ယူ ရှင်းလင်းရန် ယမန်နေ့နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် တပ်မတော် စစ်ကြောင်းမှ ခေါ်ဆောင်၍ သွားရောက် ရှင်းလင်းစေခဲ့ရာ မိုင်းအားပြန်လည် ဖြုတ်ယူစဉ် အဆိုပါနေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး နှစ်ဦးစလုံးမိုင်းထိ သေဆုံးခဲ့သည်။

တပ်မတော် စစ်ကြောင်းက ဆက်လက် ရှင်းခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားသည့် နေရာ၏ မြောက်ဘက် မီတာ ၅ဝ ခန့်အကွာ၊ လမ်းအနောက်ဘက် ၃ ပေခန့်အကွာတွင် အစိတ်(၆ဝ) ဝါယာရှော့ခ် တိုက်မိုင်းတစ်လုံးအား ဖော်ထုတ် ရှင်းလင်း နိုင်ခဲ့သည်။

ထို့အတူ ကာမိုင်းမြို့နယ်၊ မိုးကောင်း-တနိုင်း သွားကားလမ်းပေါ် တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်လျက် ရှိရာ သြဂုတ် ၂ဝ ရက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဒွန်ဘုံးခကျေးရွာ ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ ၌ လမ်းလျှောက် စကားပြောစက်နှင့် ရီမုဆားကစ် ကိုင်ဆောင်ထားသည့် KIA လက်နက်ကိုင် အဖွဲ့ဝင်နှစ်ဦးသည် တပ်မတော် စစ်ကြောင်းအား တွေ့ရှိစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးအား အသေဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger