www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 22, 2016

၂၀၁၇ ခုနှစ် မတ်လနောက်ပိုင်းတွင် Call Center 199 သို့ စနောက် ဖုန်းခေါ်သူများအား အရေးယူမည်



ရန်ကုန် ၊ ၂၂-၈-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး Call Center 199 သတင်းလက်ခံ ဌာနသို့ ဖုန်းခေါ်ဆိုကာ စနောက်ခြင်း များနှင့် မမှန်မကန် သတင်းပေးခြင်း များကို ၂ဝ၁၇ ခုနှစ် မတ်လ နောက်ပိုင်းတွင် အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ Call Center 199 ကို ပြည်သူများ အရေးပေါ် အကူအညီ လိုအပ်သည့် အချိန်နှင့် အမှန်တကယ် သတင်းပေး တိုင်ကြား လိုသူများအတွက် ရဲတပ်ဖွဲ့ထံ အမြန်ဆုံး  ဆက်သွယ်နိုင်ရန် ဇူလိုင် ၄ ရက်က စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ Call Center 199 ဖုန်းနံပါတ်ထံ မမှန်မကန် သတင်းပေးခြင်း နှင့် စနောက်ခေါ်ဆို ခြင်းများ နေ့စဉ်ပြုလုပ် ခံနေရ သောကြောင့် ထပ်မံ မပြုလုပ်ရန် ရဲတပ်ဖွဲ့က ပြည်သူများထံ မေတ္တာရပ်ခံချက် ထုတ်ပြန် ထားကြောင်း သိရသည်။

ယခုအခါ မိုဘိုင်းလ် ဆင်းကတ် များကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား မှတ်ပုံတင် အသုံးပြုရန် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြား လိုက်ခြင်းကြောင့် ယင်းနောက်ပိုင်း Call Center သို့ နောက်ပြောင် သတင်းပေးပို့မှု များကို အရေးယူ သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် နောက်ပြောင် ဖုန်းခေါ်ဆိုသော ဆင်းကတ် များမှာ မှတ်ပုံတင် မရှိသောကြောင့် အရေးယူရန် ခက်ခဲနေကြောင်း သိရသည်။

''လူတချို့က ဖုန်းခဏခဏ ခေါ်ဆိုပြီး စနောက်ပြောဆို မှုတွေ နေ့စဉ်တွေ့ကြုံ နေရပါတယ်။ တစ်ခါသုံး ဆင်းကတ်တွေနဲ့ ဆိုတော့ အရေးယူဖို့ မလွယ်ပါဘူး'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger