www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 29, 2016

အာကာသသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Space-X က အင်္ဂါဂြိုဟ်ခရီးစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်မည်ဟုကြေညာ



ဝါရှင်တန် ၊ ၂၉-၄-၂၀၁၆

နာဆာ၏ အာကာသ ခရီးစဉ် လုပ်ငန်းများကို လုပ်ကိုင်ခွင့် ရရှိထားသော အမေရိကန် အခြေစိုက် အာကာသ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ Space-X သည် ၄င်း၏ အင်္ဂါဂြိုဟ် ခရီးစဉ်များကို ၂ဝ၁၈ ခုနှစ်တွင် စတင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

အင်္ဂါဂြိုဟ် ခရီးစဉ်များတွင် အသုံးပြု သွားမည့် အကျယ် ၁၂ ပေ၊ အမြင့်ပေ၂ဝရှိ Red Dragon အာကာသယာဉ် ကို စမ်းသပ်လျက်ရှိပြီး Red Dragon ဖြင့် အာကာသယာဉ်မှူး များကို သယ်ယူ ပို့ဆောင်ရန် မဟုတ်သေးဘဲ အင်္ဂါဂြိုဟ် ပေါ်သို့  စမ်းသပ် ဆင်းသက်မည် ဖြစ်သည်။ Red Dragon ကို အင်္ဂါဂြိုဟ် ခရီးစဉ်ကဲ့သို့ ဝေးလံ ရှည်လျားသော အာကာသ ခရီးစဉ်များတွင် အသုံးပြုရန် သင့်၊ မသင့် စမ်းသပ်ခြင်း ဖြစ်ကြောင်း သိရသည်။

''၂ဝ၁၈ ခုနှစ်မှာ မက္ကဆီကိုနိုင်ငံ ၊ ဂွာဒါလာဂျာရာမြို့ မှာကျင်းပမယ့် (၆၇) နှစ်မြောက် အပြည်ပြည် ဆိုင်ရာ အာကာသယာဉ်မှူး တွေ ကွန်ဂရက်နဲ့ ချိန်ကိုက်ပြီး Space-X ရဲ့ အင်္ဂါဂြိုဟ် ခရီးစဉ်တွေကို စတင်သွားမှာ ဖြစ်ပါတယ်။ အဲဒီ မတိုင်မီ Red Dragon ကို အင်္ဂါဂြိုဟ်သို့ စေလွှတ်ဆင်းသက် စေမှာ ဖြစ်ပါတယ် '' ဟု Space-X တည်ထောင်သူ အယ်လွန်မာ့စ် က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အင်္ဂါဂြိုဟ် ခရီးစဉ်သည် ခက်ခဲသော ခရီးစဉ်ဖြစ်ပြီး ကြိုးပမ်းမှု ထက်ဝက်ကျော် သည်လည်း မအောင်မမြင် ဖြစ်ခဲ့ရသည်။ ထို့ပြင် အင်္ဂါဂြိုဟ်ပေါ်တွင် အာကာသယာဉ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ သည်မှာ နာဆာ တစ်ဖွဲ့တည်းသာ ရှိသည်။ Space-X ၏ Red Dragon ခရီးစဉ်ကိုလည်း နာဆာက ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း၊ နည်းပညာ၊ ဆက်သွယ်ရေးနှင့် လမ်းကြောင်း ရှာဖွေရေးတို့ကို ကူညီသွားမည် ဖြစ်သည်။ ထို့ပြင် ၄င်းယာဉ်ပေါ်တွင် တပ်ဆင်သွားရန် လိုအပ်သည့် နောက်ဆုံးပေါ် ကိရိယာများ ကိုလည်း အားဖြည့် တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နာဆာကိုယ်တိုင် သည်လည်း ၂ဝ၁၈ ခုနှစ်တွင် ၄င်းပိုင် အာကာသယာဉ် Insight ကိုအင်္ဂါဂြိုဟ်သို့ လွှတ်တင်မည် ဖြစ်ပြီး အင်္ဂါဂြိုဟ်၏ မြေနက်ပိုင်း လှုပ်ရှားမှုများကို စူးစမ်းလေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger