www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 27, 2015

သုတေသီများက အာကာသစူးစမ်းလေ့လာမှု သမိုင်းတွင် ဂြိုဟ်သစ်များ ဖြစ်ပေါ်ပုံကို ပထမဆုံးအကြိမ် စူးစမ်းလေ့လာနိုင်ခဲ့



အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ သုတေသီ များသည် ကမ္ဘာနှင့် အလင်းနှစ် ၄၅ဝ ခန့် ကွာဝေးသော အာကာသ တစ်နေရာ၌ ဂြိုဟ်သစ်များ ဖြစ်ပေါ်နေပုံ အဆင့်ဆင့်ကို အာကာသ စူးစမ်းလေ့လာမှု သမိုင်းတွင် ပထမဆုံး အကြိမ် စောင့်ကြည့် စူးစမ်းလေ့လာ နိုင်ခဲ့ကြောင်း သိရသည်။

သက်တမ်း နုနယ်သေးသည့် ကြယ်အမှတ် LkCa 15 ကို ဝန်းရံကာ ဖြစ်ပေါ်လျက် ရှိသော ဂြိုဟ်သစ် ဖြစ်ပေါ်ပုံကို သိပ္ပံပညာရှင် များက ဓာတ်ပုံများ ရိုက်ယူခဲ့ နိုင်ခြင်းဖြစ်သည်။ ဂြိုဟ်ဟု ထင်ရှားစွာ ဖြစ်ပေါ် မလာသေးဘဲ ဆင့်ကဲဆင့်ကဲ ပေါင်းစပ်သည့် အချိန်အခါ မျိုးတွင် ပထမဆုံး အကြိမ် ဓာတ်ပုံ အမိအရ ရိုက်ယူနိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ဂြိုဟ်များ စတင်ဖြစ်ပေါ်ချိန် မည်သည့် ထူးခြားမှုမျိုး ဖြစ်ပျက်လေ့ ရှိသည်ကို အသေးစိတ် လေ့လာခွင့် ရရှိခြင်း ဖြစ်သည်။

'' LkCa 15 က သက်တမ်းအားဖြင့် နှစ်ပေါင်း နှစ်သန်းခန့်ပဲ ရှိပါသေးတယ်။ LkCa 15 ကို ဓာတ်ပြားချပ် ပုံသဏ္ဌာန် အာကာသ အမှုန်တွေက ဝိုင်းရံထား ပါတယ်။ သက်တမ်းနု ကြယ်တွေ ဝန်းကျင်မှာ ဒီလို ဓာတ်ပြားချပ် ပုံသဏ္ဌာန် အာကာသအမှုန် တွေဆိုတာ အမြဲ ရှိပါတယ်။ ဒီ ဓာတ်ပြားချပ် ပုံသဏ္ဌာန် ကနေပဲ တဖြည်းဖြည်း ကျစ်လျစ်သွားပြီး ဂြိုဟ်တွေ ဖြစ်လာတာပါ။ ဒါပေမဲ့ ဓာတ်ပြားချပ် ကနေ ဂြိုဟ်အဖြစ်ကို ဘယ်လို ရောက်သွားသလဲ ဆိုတဲ့ ကွင်းဆက်ကို မဖော်ပြ နိုင်ခဲ့ပါဘူး။ အခု ပထမဆုံးအကြိမ် အဖြစ် ဂြိုဟ်တစ်လုံး ဖြစ်ပေါ်နေဆဲ အဆင့်ကို တွေ့ရှိလေ့လာ ဓာတ်ပုံရိုက်ယူ နိုင်ခဲ့တာ ဖြစ်ပါတယ် '' ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

''LkCa 15 ကို ဝန်းရံထားတဲ့ အာကာသအမှုန် တွေထဲမှာ ဂြိုဟ်အသစ် တစ်လုံး စတင်ဖြစ်ပေါ် နေပါတယ်။ LkCa 15b လို့  အမည်ပေး ထားပါတယ်။ မူလကြယ် ဖြစ်တဲ့ LkCa 15 နဲ့ မိုင်ပေါင်း ၁ ဒသမ ၅ ဘီလီယံ အကွာအဝေး မှာ ရှိပါတယ် '' ဟု ၄င်းက ပြောပြသည်။

သုတေသီများသည် အရီဇိုးနား ပြည်နယ် အရှေ့တောင်ပိုင်းရှိ LBT နက္ခတ်တာရာကြည့် မျှော်စင်မှ မှန်ဘီလူးအကျယ် ၂၇ ပေ ရှိသော နက္ခတ်တာရာကြည့် မှန်ပြောင်းကြီး ဖြင့် LkCa 15 ၏ စနစ်ကြီး တစ်ခုလုံးကို စောင့်ကြည့် လေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger