www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 26, 2015

မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စာရင်းအချက်အလက် များကို အင်တာနက်တွင် ကြည်ုရှုနိုင်စေရန် စီစဉ်ထား



ရန်ကုန် ၊ ၂၆-၁ဝ-၂ဝ၁၅

မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စာရင်း အချက်အလက် များကို ကမ္ဘာတစ်ဝန်းရှိ အင်တာနက် ချိတ်ဆက် နိုင်သည့် မည်သည့် နေရာမှမဆို ကြည့်ရှုလေ့လာ နိုင်စေရန် ပြည်တွင်းပြည်ပမှ ပညာရှင်များ ပူးပေါင်းစီစဉ် ပေးထားပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ စာရင်းအင်း ဝက်ဘ်ဆိုက် အသစ် ဖြစ်သော www.mmsis.gov.mm မှ မြန်မာနိုင်ငံနှင့် ပတ်သက်သော စာရင်းဇယား အချက်အလက် များကို ကြည့်ရှု လေ့လာနိုင် စေရန် စီစဉ်ပေး ထားခြင်းဖြစ်ပြီး အဆိုပါ အင်တာနက် ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၂ဝ ရက်က နေပြည်တော်ရှိ MICC 2 တွင် ကျင်းပခဲ့သော ကမ္ဘာ့ စာရင်းအင်းနေ့ အခမ်းအနားတွင် စတင်ဖွင့်လှစ် လိုက်ခြင်းဖြစ်သည်။ 

ကမ္ဘာ့စာရင်းအင်းနေ့ အခမ်းအနား ကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁ဝဝ ကျော်၌ ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ ရှိပြီး မြန်မာနိုင်ငံ၌ ၄င်း အခမ်းအနားကို ဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော စာရင်းအင်းများကို အပြည်ပြည် ဆိုင်ရာမှ အလွယ်တကူ လေ့လာသိရှိ နိုင်စေရန် ဖွင့်လှစ်လိုက်သော ထို www.mmsis.gov.mm အင်တာနက် ဝက်ဘ်ဆိုက်ကို ပြည်တွင်းရှိ အမျိုးသား
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့မှ ကျွမ်းကျင်သူ များ၏ အကူအညီဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ 

ဝက်ဘ်ဆိုက် အတွင်း၌ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တန်ဖိုး၊ ပြည်တွင်း သွင်းကုန် တန်ဖိုးနှင့် သစ်တော လွှမ်းခြုံမှု ရာခိုင်နှုန်း စသည်တို့ အပါအဝင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော စာရင်း အချက်အလက်များ ပါဝင်ပြီး လက်ရှိတွင် အင်္ဂလိပ် ဘာသာဖြင့်သာ ဖော်ပြ ထားကြောင်း သိရသည်။

နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင် များနှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာ မှမဆို မြန်မာ့ စာရင်းအင်း များကို အလွယ်တကူ လေ့လာသိရှိ နိုင်စေရန် ရည်ရွယ်၍ ၄င်း ဝက်ဘ်ဆိုက်ကို လွှင့်တင်ခဲ့ခြင်း ဖြစ်ရာ နိုင်ငံတော် အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ပိုမို ဝင်ရောက် လာစေရန်နှင့် ကုန်သွယ်မှု လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger