www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 27, 2015

အင်းဝမြို့ရိုးအား မူလလက်ရာမပျက် တူးဖော်မှုများ ပြီးစီးသွားပါက ယူနက်စကို၏ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အောင် လုပ်ဆောင်သွားမည်



မန္တလေး ၊ ၂၇-၁၀-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် ဥတည်ကျေးရွာ အနီးရှိ အင်းဝမြို့ရိုးအား တူးဖော်မှု များကို မူလလက်ရာ မပျက်စေရန် အုတ်ခုံ၏ မူလလက်ရာ အတိုင်း အစားထိုး စနစ်ဖြင့် လုပ်ဆောင်လျက် ရှိပြီး ပြီးစီးသွား ပါက UNESCO မှ သတ်မှတ်ထားသော အချက်အလက် များဖြင့် ရှေးဟောင်း အမွေအနှစ် စာရင်းဝင် စေရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေး) မှ သိရသည်။

ထို့အပြင် အင်းဝမြို့ရိုးအား အရပ် လေးမျက်နှာ ပြည့်အောင် တူးဖော်ရေး လုပ်ငန်းများ ပြီးစီးပါက ရှေးမူမပျက် ထားရှိပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များနှင့် ပြည်တွင်း ခရီးသွား ဧည့်သည်များ လေ့လာ နိုင်စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေး) မှ သိရသည်။

အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး အတွင်းရှိ အင်းဝနန်းတော် အုတ်ခုံများ ပြန်လည် တူးဖော်မှု များကို စက်တင်ဘာလ မှစတင်ခဲ့ပြီး အောက်တိုဘာ လကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ လက်ရှိ တူးဖော်နေသော အုတ်ချပ်များမှာ ကုန်းဘောင် ခေတ်ဦးနှင့် ကုန်းဘောင် ခေတ်လယ်ပိုင်းမှ အုတ်ချပ် လက်ရာများ ဖြစ်ပြီး ကျင်းရှည် စနစ်ဖြင့် တူးဖော်ခြင်း ဖြစ်ကာ တူးဖော်ပြီးသော အုတ်ရိုးအမြင့်မှာ သုံးပေမှ ရှစ်ပေခွဲအထိ ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့ရိုး တူးဖော်မှုများ ပြီးစီးသွားပါက အင်းဝနန်းတွင်း ထဲရှိ အဆောင်များကို သန့်ရှင်းရေး ပြုလုပ်သွားမည် ဖြစ်ပြီး အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်ရှိ ရေကန်များ ကိုလည်း သန့်ရှင်းရေး ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အင်းဝမြို့ရိုး အတွင်း၌ ရှေးဟောင်း အဆောက်အအုံ ပေါင်း ၇၈ ခုရှိပြီး လူနေ အဆောက်အအုံ ၂ဝဝ နှင့် ဘုန်းကြီးကျောင်း ခုနစ်ကျောင်း ရှိကာ အင်းဝနန်းတော် အုတ်ခုံ၏ အကျယ်အဝန်းမှာ အရှေ့ အနောက် အရှည်ပေ ၁၄၈ဝ နှင့် တောင် မြောက် အရှည်ပေ ၁၁ဝဝ ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger