www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, September 19, 2015

မွန်ဓားပြအဖွဲ့ဝင် များအား လက်နက်၊ ခဲယမ်းများနှင့် အတူ ရှင်းလင်းဖော်ထုတ် ရမိ



ဖမ်းဆီးရမိသော မွန်ဓားပြအဖွဲ့ဝင်များ (၀ဲမှယာ) အလင်း ၊ အထွန်း ၊ အောင်မိုး ၊ ကွန်ဒေ့ ၊ ထွန်းအောင် ၊ အပေါင် ၊ အနှစ် ၊ အနိုင် ၊ အပဲ့ တို့ကို တွေ့ရစဉ်

မွန်ဓားပြအဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသော လက်နက် ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ

နေပြည်တော် ၊ ၁၉-၉-၂ဝ၁၅

မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေးတံတားကြီးတွင် တပ်မတော် စစ်ကြောင်းက လုံခြုံရေး ဆောင်ရွက်စဉ် စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်၌ ထားဝယ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ ဆိုင်ကယ် တစ်စီးအား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ် မောင်းနှင်လာသူ မွန်ဓားပြ နိုင်မွန်ချမ်း အဖွဲ့မှ အပဲ့(ခ) ဆိတ်ကလေး ၃၇ နှစ်(ဘ) ဦးမောင်သိန်း၊ ခေါဇာမြို့နယ်ခွဲ၊ ဓနိသကြား ကျေးရွာတွင် နေထိုင်သူအား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ အပဲ့(ခ) ဆိတ်ကလေး ထံမှ ဖော်ထုတ် ရရှိချက်အရ စက်တင်ဘာ ၄ ရက်တွင် ၄င်းကိုင်ဆောင် သည့် အေကေ - ၄၇ သေနတ် တစ်လက်နှင့် ကျည်အိမ် သုံးခုအား ဓနိသကြား ကျေးရွာနှင့် မကျီး ကျေးရွာကြား ချုံအတွင်းမှ ရှာဖွေသိမ်းဆည်း ရမိခဲ့ပြီး မွန်ဓားပြများနှင့် ပတ်သက်မှုရှိသည့် မကျီးကျေးရွာ နေ အနစ် ဆိုသူအား လည်းကောင်း၊ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အောင်မိုး ၃၃ နှစ်(ဘ) ဦးစုန်းနှင့် အလင်း ၄၂ နှစ်(ဘ) ဦးမောင် တို့အား လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိ သူများထံမှ ဖော်ထုတ် ရရှိချက်များ အရ စက်တင်ဘာ ၇  ရက်တွင် ရေးမြို့ရှိ အေးချမ်း စားသောက်ဆိုင် အတွင်း ဝင်ရောက် ရှာဖွေရာ ပိုင်ရှင် အထွန်းနှင့် အတူ ခြောက်လုံးပြူး သေနတ်တစ်လက်၊ ၄င်းကျည် ၁ဝ တောင့်၊ အူဇီသေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၉ မမ ကျည် ၁၁ တောင့်၊ ပွိုင့်-၂၂ ကျည် နှစ်တောင့်၊ မီးကျည် တစ်တောင့်၊ ၉ မမ ပစ္စတိုအတု တစ်လက်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးတို့အား ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်၍ အပဲ့ ဆိုသူထံမှ ဖော်ထုတ် ရရှိချက်အရ စက်တင်ဘာ ၉ ရက် ည ၁ဝ နာရီခန့်တွင် မွန်ဓားပြများနှင့် ဆက်စပ်မှုရှိသည့် ခေါဇာကျေးရွာမှ ကွန်ဒေ့ ၏ နေအိမ်နှင့် ခြံဝင်းအတွင်း ဝင်ရောက် ရှာဖွေရာ ကွန်ဒေ့ နှင့်အတူ ၄င်းကိုင်ဆောင် သည့် ခြောက်လုံးပြူး သေနတ်တစ်လက်၊ ၄င်းကျည် ၂၁ တောင့်၊ ဒေသန္တရလုပ် ပုလင်းမိုင်း တစ်လုံးတို့အား လည်းကောင်း၊ စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် ပေါက်ပင်ကွင်း ကျေးရွာနေ အနိုင် နှင့်အတူ ၄င်းကိုင်ဆောင် သည့် ပွိုင့်- ၃၈ ခြောက်လုံးပြူး သေနတ် တစ်လက်၊ ၄င်းကျည်ခြောက်တောင့် နှင့် လမ်းလျှောက် စကားပြောစက် နှစ်လုံးတို့အား လည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိသော အနိုင် ထံမှထပ်မံ ဖော်ထုတ်ရရှိချက် အရ စက်တင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ပေါက်ပင်ကွင်း ကျေးရွာအနီး ရော်ဘာခြံအ တွင်း ချုံထဲမှ ပလတ်စတစ် အိတ်ဖြင့်ပတ်၍ ဝှက်ထားသော အမ်- ၁၆ သေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု နှင့် ၄င်းကျည် ၁ဝ တောင့်တို့အား လည်းကောင်း၊ စက်တင်ဘာ ၁၂ ရက် နံနက် ၇ နာရီခန့်တွင် ရေးမြို့၊ အောင်မေတ္တာ ရပ်ကွက်၊ အစင်ရွာလမ်း နှင့် ဘူတာလမ်း ထောင့်နေ မွန်ချမ်း အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူ အပေါင် (ခ) သိန်းဝင်းနှင့် ထွန်းအောင် တို့အား နေအိမ် အောက်ထပ်ရှိ ထင်းပုံအောက် မြေကြီးအတွင်း၌ ဝှက်ထားသော ၄င်းတို့ ဓားပြတိုက်ရယူ ထားသည့် ရွှေထည် ပစ္စည်း ကိုးမျိုး၊ အလေးချိန် ၁၇ ဒသမ ၁၅၉ ကျပ်သား (ကာလတန်ဖိုး ၁၂၄ သိန်း ၉ သောင်း ကျပ်ခန့်) တို့အား လည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

ထပ်မံ၍ ဖော်ထုတ်ရရှိချက် များအရ တပ်မတော် စစ်ကြောင်းက ပေါက်ပင်ကွင်း ကျေးရွာနှင့် ပတ်ဝန်းကျင်အား နယ်မြေ ရှင်းလင်းရာ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ရော်ဘာခြံ အတွင်း၌ ပလတ်စတစ်စဖြင့် ထုပ်ထားသော ကာဘိုင်သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည်ရှစ်တောင့်၊ တံဆိပ်တုံးနှစ်ခု တို့အား လည်းကောင်း၊ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ချုံအတွင်း၌ ပလတ်စတစ် မိုးကာစဖြင့် ထုပ်ထားသော အေကေ-၄၇ သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည် ၁၅ တောင့်၊ ကာဘိုင်သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည်ကိုးတောင့် တို့အား လည်းကောင်း သိမ်းဆည်းရမိ ခဲ့သည်။

ထိုသို့ဖော်ထုတ် ဖမ်းဆီးရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း စက်တင်ဘာလ ၁၁ ရက် ည ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် မွန်ဓားပြ မွန်ချမ်းအဖွဲ့မှ မွန်နန်း(ခ) အနန်း(ခ) မောင်နိုင် ၃၇ နှစ်(ဘ) ဦးအောင်သည် လက်လုပ် ပစ္စတို တစ်လက်၊ ၉ မမ ကျည် ရှစ်တောင့်ဖြင့် လည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် အောင်ထွန်း ၃၃ နှစ် (ဘ) ဦးမောင်ပုသည် ပစ္စတို တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည် ခုနစ်တောင့်၊ အိုင်ကွန် တစ်လုံးတို့ဖြင့် လည်းကောင်း တပ်မတော် စစ်ကြောင်းများသို့ အသီးသီး အလင်း ဝင်ရောက် လာခဲ့သည်။

အထက်ပါ ဖြစ်စဉ်များတွင် အလင်းဝင် ရောက်သူ နှစ်ဦး၊ မွန်ဓားပြအဖွဲ့နှင့် ဆက်စပ်လျက် ရှိသော တရားခံ ကိုးဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၁၁ လက်၊ ရွှေထည်ပစ္စည်း မျိုးစုံ ၁၇ ဒသမ ၁၅၉ ကျပ်သား (တန်ဖိုး ၁၂၄ သိန်း ၉ သောင်းကျပ်ခန့်) သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ခဲ့သော တရားခံများနှင့် သိမ်းဆည်း ရမိသော ပစ္စည်းများအား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများသို့ တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် နိုင်ရေး စနစ်တကျ လွှဲပြောင်း အပ်နှံထားပြီး ဖြစ်သည်။

ထိုသို့ တပ်မတော်က မွန်ဓားပြ အဖွဲ့အား ဖော်ထုတ်ရှင်းလင်း ပေးမှုအပေါ် ဒေသခံ ပြည်သူလူထုနှင့် ခရီးသွား ပြည်သူများက ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger