www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 31, 2015

အရွယ်မရွေး ပြုလုပ်သင့်သော ဦးနှောက်လေ့ကျင့်ခန်းများ


အရွယ်မရွေး ပြုလုပ်သင့်သော ဦးနှောက်လေ့ကျင့်ခန်းများ

လူတစ်ဦးနဲ့ တစ်ဦး မျိုးရိုးဗီဇခြင်းမတူသလို ဉာဏ်ရည် ထက်မြက်ပုံ ခြင်းလည်း မတူပါဘူး။ ထိုနည်းတူစွာ ဉာဏ်ရည် တုံးမသွားအောင်၊ အစဉ် ထက်မြက် နေအောင် သွေးထား နိုင်ကြပုံခြင်းလည်း မတူပါဘူး။ သင်ဟာ မိမိကိုယ်ကိုယ် ဉာဏ်ရည် ထက်မြက်သူလို့ ယူဆသည် ဖြစ်စေ၊ ဉာဏ်ရည် မွဲခြောက်သူလို့ ထင်သည် ဖြစ်စေ၊ သင့်ဦးနှောက်ရဲ့  ဉာဏ်ရည် ဉာဏ်သွေးဟာ ထုနဲ့ ထည်နဲ့ ရှိနေပါတယ်။ သင်က ဘယ်လို ထုတ်ယူသုံးစွဲ သလဲဆိုတဲ့ အပေါ်မှာပဲ သင့် ဉာဏ်ရည် ကောင်းတယ်၊ မကောင်းဘူး ဆိုတာ ကွဲပြား သွားတာပါ။ ဉာဏ်ရည် ကောင်းလာအောင်၊ ကောင်းလာတဲ့ ဉာဏ်ရည် တည်မြဲအောင်၊ တည်မြဲတဲ့ ဉာဏ်ရည် ကြာရှည်ခံအောင် လေ့ကျင့် ပျိုးထောင် နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။

ကိုယ့်အစွမ်းအစ အပေါ် ယုံကြည်မှု ပျက်မသွား ပါစေနဲ့ ။ အခန်းတစ်ခု ထဲကို ဟန်ပါပါ ၀င်သွားပြီး စကားပြော ခါနီးမှာ ကိုယ်ဘာပြော ရမယ် ဆိုတာကို လုံးဝမေ့ သွားတဲ့ မှတ်ဥာဏ်နှင့် အဆက်အသွယ် ပြတ်တောက် သွားခြင်း (Memory Blackout) ဖြစ်တတ် ပါတယ်။ လူကြီးလူငယ် မရွေး ဖြစ်တတ်တဲ့ ပြဿနာပါ။ သင်တစ်ဦးတည်း မဟုတ်ပါဘူး။ အဲဒီလို ဖြစ်တာကို ကိုယ့်ကိုယ်ကိုယ် အပြစ်မတင် ပါနဲ့ ။ ကိုယ့်မှတ်ဉာဏ် ပျက်စီးနေပြီလို့ လည်း လူတွေကို မပြောပြပါနဲ့ ။ မေ့တတ်လာပြီ ဆိုပြီး အရာရာကို ဟန်းဆက်မှာ၊ ipad မှာ ချမှတ် တာမျိုးလည်း မလုပ်ပါနဲ့ ။ သင် တစ်ချက် တစ်ချက် မေ့တတ်တာ ကိုက သင်ပိုပြီး ဂရုစိုက် မှတ်သားသင့်တယ် ဆိုတာ သင့် ခန္ဓာကိုယ်က သတိပေး နေတာပါ။ မှတ်စုတွေကို လိုအပ်သလို သုံးပါ။ ဒါပေမယ့် ခေါင်းထဲလည်း မှတ်ပါ။ လိုအပ်မှသာ မှတ်စုကို ထုတ်သုံးပါ။

သင်၏နားကို ကာကွယ်ပါ။ မြင်၊ ကြား၊ ရသာ၊ ထိတွေ့ ၊ ခံစား အာရုံငါးပါးနဲ့  ထိတွေ့ မှု နည်းလာရင် ဦးနှောက်လည်း ထိုင်းမှိုင်း လာပါတယ်။ Thousand- yard Stare လို့ ခေါ်တဲ့ ကိုက်တစ်ထောင် ပြေးတဲ့ အကြည့်တွေနဲ့  ရှုမျှော်ခင်းတွေ ကို လှမ်းကြည့်ပါ။ ချဉ် ၊ငံ၊ ဖန်၊ စပ် အရသာ  တွေကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပမာဏနဲ့  စုံစုံလင်လင် မှီဝဲပါ။ သင့်စိတ် ကို ကျေနပ် နှစ်သက်စေတဲ့ အရာတွေကို ထိတွေ့  ခံစားပေးပါ။ ဒါပေမယ့် နားကိုတော့ အနားပေးပါ။ တစ်ရက်ကို ရော့ခ်သီချင်း ခပ်ကျယ်ကျယ် ဖွင့်ပြီး ၁၅ စက္ကန့် လောက် နားထောင်ရုံ ဒါမှမဟုတ် ဆံပင်လေမှုတ်စက် ၁၅ မိနစ် လောက် သုံးရုံနဲ့ တင် သင့်နား အများကြီး ပျက်စီး သွားနိုင် ပါတယ်။ နားကြားအာရုံ ပျက်စီးတာနဲ့ အမျှ အဲဒီအပိုင်းကို ထိန်းချုပ်တဲ့ ဦးနှောက်ထဲက မီးခိုးရောင် အပိုင်းတွေလည်း ကြုံလှီသွားပြီး ဥာဏ်ရည်ကို ဆိုးရွားစွာ ထိခိုက်စေနိုင် ပါတယ်။

ဘာသာစကား အသစ်ဖြစ်ဖြစ် ဂီတတူရိယာ တီးခတ်နည်း ဖြစ်ဖြစ် သင်ယူ လေ့ကျင့်ပါ။ တစ်စုံတစ်ခုကို အမြဲလေ့ကျင့် နေတာဟာ ဥာဏ်ရည်အတွက် အလွန်ကောင်းတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပျော်လည်းပျော်၊ အပေါင်းအသင်း အသစ်လည်း ရတဲ့ အင်္ဂလိပ်စာ လေ့လာတာ၊ စန္ဒယား တီးခတ်တာတွေကို သင်ယူလေ့ကျင့် သင့်ပါတယ်။ စကားလုံး ပဟေဋ္ဌိတွေ ဖြည့်ပါ။ ပုံပြင်ဇာတ်လမ်း လေးတွေ ဖန်တီး ရေးသားပါ။ နောက်ဆုံး လုပ်စရာမရှိရင် အပ်ပေါက်ထဲ  အပ်ချည်ကြိုး ထိုင်ထိုးနေပါ။

သွားရည်စာ လျှော့စားပါ။ သွားရည်စာ အစားများရင် အ၀လွန် လာပါလိမ့်မယ်။ အ၀လွန် လာတာနဲ့ အမျှ ဦးနှောက်ကို နည်းမျိုးစုံနဲ့  ထိခိုက်စေပါတယ်။ သွေးကြောထဲက ကိုလက်စထရော တွေက ဦးနှောက်ထံေ သွးစီးဆင်းမှုကို ဟန့် တား နှောက်ယှက်တဲ့ အတွက် ဦးနှောက်ဟာ လိုအပ်တဲ့ အစာနဲ့ အောက်စီဂျင်ကို အပြည့်အ၀ မရပါဘူး။ ဦးနှောက် အာရုံကြော တွေဟာ အင်ဆူလင် ဟော်မုန်း အနည်း၊အများ အပေါ် ပြောင်းလွယ်၊ ပြင်လွယ် ဖြစ်ပါတယ်။ အချိုပုံမှန် စားနေသူတွေဆီ ကနေ အင်ဆူလင် ဟော်မုန်း ပိုထွက်တဲ့ အတွက် ဦးနှောက်ဟာ ဒီ အင်ဆူလင်ကို ရင်ဆိုင်ရင်း တစ်ဆင့်ပြီး တစ်ဆင့် ယိုယွင်း လာနိုင်ပါတယ်။ အစားအသောက် ထဲမှာပါတဲ့ အချိုစားပြီးရင် သီးခြားအချို စားတာမျိုး  မလုပ်ပါနဲ့ ။

ကိုယ်ကာယ ကြံ့ခိုင်ရေး ပြုလုပ်ပါ။ ကိုယ်ကာယ ကြံ့ခိုင်ရေး လှုပ်ရှားမှုဟာ ဦးနှောက်ကိုလည်း တိုက်ရိုက်အကျိုး သက်ရောက်စေ ပါတယ်။ သွေးသား လည်ပတ်အား ကောင်းစေပြီး အာရုံကြော ဖွံ့ ဖြိုးတိုးတက် စေတဲ့ ပရိုတိန်း တွေကို တွန်းထုတ်ပေးတဲ့ အတွက် ဦးနှောက်၊ အာရုံကြောနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေရဲ့  ဆက်သွယ်မှု ဟာလည်း ပိုပြီးတော့ မြန်ဆန်ကြည်လင် ကောင်းမွန်လာလေ့ ရှိပါတယ်။ ဘယ်လို လေ့ကျင့်ခန်းမျိုးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် လုပ်ပါ။

လူတွေနဲ့ ထိတွေ့ပါ။ လူဆိုတာ အဖော်အပေါင်းနဲ့ နေရတဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ တစ်ကိုယ်ရည် တည်း အထီးကျန်အောင် ကိုယ့်ကိုယ်ကိုယ် ပစ်မထားပါနဲ့ ။ တစ်ခါ အထီးကျန်တယ် ဆိုတာ တစ်ယောက်တည်း ကျန်ခဲ့မှ မဟုတ်ပါဘူး။ လူတွေကြား ထဲမှာ ကိုယ်က ဘယ်သူနဲ့ မှ ပြောဆိုဆက်ဆံမှု မရှိဘူး ဆိုရင်လည်း အထီးကျန် တာပါပဲ။ ဒါကြောင့် လူတွေနဲ့ စကားပြောပါ။ စကားပြော ရင်လည်း သူပြောတာ လေးတွေကို တန်ဖိုးထား နားထောင်ပြီး အဆင်ပြေအောင် ပြောပါ။ ငါပဲသိတယ်၊ ငါပဲတတ်၊ ငါပြောတာပဲ မှန်တယ်ဆိုတဲ့ အတ္တ၊ မာန၊ လောဘ နဲ့  စကားပြော နေမယ်ဆိုရင် သင့်ကို လူတွေက မချစ်မနှစ်သက် တော့ဘဲ အထီးကျန် စေကြမှာ ဖြစ်ပါတယ်။ လူကြီး၊ လူငယ်၊ ကလေး မရွေး ဉာဏ်ရည်ကို အစဉ်သဖြင့် သွေးနေဖို့  လိုအပ်ပါတယ်။ အသက်ကြီးလာမှ မှတ်ဉာဏ် ပျောက်ဆုံးတယ် ဆိုပေမယ့် မှတ်ဉာဏ်နဲ့ အဆက်အသွယ် ပြတ်တောက်မှု ဆိုတာ အရွယ်မရွေး ဖြစ်ပါတယ်။ 

ဒါကြောင့် ဦးနှောက်ကို အစဉ်တက်ကြွ လန်းဆန်း နေစေမယ့် လေ့ကျင့်ခန်းတွေ လုပ်သင့်တယ် ဆိုတဲ့အကြောင်း လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။ 

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger