www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 28, 2015

သစ်တောတစ်ဧကသည် တစ်နှစ်လျှင် အောက်ဆီဂျင် ၂ ဒသမ ၈ တန်ခန့် လူနှင့် သက်ရှိ သတ္တ၀ါများအတွက် အသားတင် ထုတ်လွှတ်ပေးနိုင်



မန္တလေး ၊ ၂၈-၈-၂၀၁၅

သစ်ပင်သစ်တော တစ်ဧကသည် တစ်နှစ်လျှင် ခန့်မှန်းခြေ အောက်ဆီဂျင်၂ ဒသမ ၈ တန်ခန့် အသားတင် ထုတ်လွှတ် ပေးနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန၏ မှတ်တမ်းများ အရ သိရသည်။

သစ်တောများ၏ အောက်ဆီဂျင် ထုတ်လွှတ်မှု၊ ကာဗွန် စုပ်ယူမှု၊ လေထု သန့်စင် ပေးနိုင်မှု များကို နယူးယောက် နှင့် ချီကာဂိုမြို့ တို့၌ ကွင်းဆင်း ဆောင်ရွက်၍ တွက်ချက် ထားမှုကို အခြေခံပြီး တွက်ချက် ခန့်မှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

နယူးယောက်မြို့ ဘရွတ်ကလင်း ရပ်ကွက်တွင် ရှိသော သစ်ပင်၏ အရွယ်အစားကို အခြေခံ၍ တွက်ချက်မှု အရ သစ်ပင် တစ်ပင်၏ ရင်စို့အချင်း အတန်းအစား သုံးလက်မ သည် အောက်ဆီဂျင် ထုတ်လွှတ်မှု တစ်နှစ်လျှင် ၆ ပေါင်၊ ၉-၁၂ လက်မသည် ၄၉ ပေါင်၊ ၁၈-၂၁ လက်မသည် ၁၁၅ ပေါင်၊ ၂၇-၃ဝ လက်မသည် ၁၄၈ ပေါင်နှင့် ၃၉ လက်မ အထက်သည် ၂၄၇ပေါင် ထုတ်လွှတ် ကြောင်း သိရသည်။

တစ်ဧက သစ်ပင် ပေါက်ရောက် ပါဝင်မှုမှာ သစ်တောထဲတွင် ပျမ်းမျှ အပင် ၄၈ဝ ရှိပြီး မြို့ထဲ သစ်ပင်ဖုံးလွှမ်း နေရာတွင် အပင် ၂၄ဝ ခန့်ရှိသည်။

လူတစ်ဦး၏ ပျမ်းမျှ နှစ်စဉ် အောက်ဆီဂျင် သုံးစွဲမှုမှာ တစ်နှစ်လျှင် ပေါင် ၄ဝဝ ခန့် ရှိကြောင်း၊ လေ့ကျင့်ခန်း ပြုလုပ်ပါက အောက်ဆီဂျင် သုံးစွဲမှု ပိုများ လာကြောင်း သိရသည်။

သစ်ပင်များ၏ ပေါက်ရောက်မှု အရေအတွက်၊ အပင်အကြီး၊ အသေးပါဝင်မှု၊ သစ်မျိုးအလိုက် ပေါက်ရောက်မှု၊ ကြီးထွားနှုန်း များပေါ် မူတည်၍ သစ်တော တစ်ဧက၏ အောက်ဆီဂျင် ထုတ်လွှတ်မှု၊ ကာဗွန် စုပ်ယူမှုများ ကွာခြားလျက် ရှိသည်။

ချီကာဂို ဒေသတွင် ကာဗွန် စုပ်ယူမှုမှာ သစ်တော တစ်ဧကလျှင် ကာဗွန် ၂ ဒသမ ၂ တန် စုပ်ယူပြီး နယူးယောက်မြို့ ဘရွတ်ကလင်း ရပ်ကွက်တွင် တစ်ဧကလျှင် ကာဗွန် တစ်တန် ခန့် စုပ်ယူကြောင်း သိရသည်။

ထို့ကြောင့် သစ်ပင်များသည် လူနှင့် သက်ရှိ သတ္တဝါများ အတွက် အလွန် အရေးပါသည်မှာ အထင်အရှား ဖြစ်ကြောင်း၊ သစ်တော သစ်ပင်များ မရှိပါက အောက်ဆီဂျင် ထုတ်လွှတ်မှု၊ ကာဗွန် စုပ်ယူမှုတို့ တွင် မမျှော်မှန်း နိုင်သော ပြဿနာများနှင့် မြေဆီလွှာ ထိန်းသိမ်းမှု၊ ရေရရှိမှု တို့ပါ အခက်အခဲ ဖြစ်လာ နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger