www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 28, 2015

မဟာမဲခေါင်ဒေသတွင်း ထူးခြား လှပသည့် မျိုးစိတ်သစ် ၁၃ဝ ကျော်ကို သုတေသနပြု တွေ့ရှိခဲ့


မဟာမဲခေါင်ဒေသတွင် တွေ့ရှိရသည့် အရောင်ပြောင်းလဲ နိုင်သော ဖားမျိုးစိတ် တစ်မျိုးကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၈-၅-၂ဝ၁၅

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ် စသည့် နိုင်ငံတို့ ပါဝင်သော မဟာမဲခေါင် ဒေသတွင်း ထူးခြား လှပသည့် မျိုးစိတ်သစ် ၁၃ဝ ကျော်ကို သုတေသနပြု တွေ့ရှိခဲ့ကြောင်း ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ၏ အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

သုတေသနပြု တွေ့ရှိချက် များတွင် မြန်မာနိုင်ငံမှ ရေပုတ်သင် မျိုးစိတ်သစ် အပါအဝင် ထိတ်လန့်ဖွယ် အစွယ်များနှင့် လင်းနို့တစ်မျိုး၊ အဆိပ်ပြင်း မြွေတစ်မျိုးနှင့် တခြား တိရ စ္ဆာန်၊ အပင်နှင့် အင်းဆက် မျိုးစိတ်သစ် ၁၃၉ မျိုးကို မဟာမဲခေါင် ဒေသအတွင်း တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ယင်း မျိုးစိတ်သစ် များတွင် အပင်မျိုးစိတ် ၉ဝ၊ တွားသွား သတ္တဝါ ၂၃ မျိုး၊ ကုန်းနေ ရေနေ သတ္တဝါ ၁၆ မျိုး၊ ငါး ကိုးမျိုး နှင့် နို့တိုက် သတ္တဝါ တစ်မျိုးတို့ ပါရှိပြီး ယင်းတို့အနက် မျိုးစိတ် အများအပြား သည် စီမံကိန်းများ၊ ဆည်များ တည်ဆောက်ခြင်း၊ ဈေးကွက်အတွင်း ရောင်းဝယ် ဖောက်ကား ခံရခြင်းနှင့် သစ်တော ပြုန်းတီးမှု မြင့်တက် လာခြင်းတို့ကြောင့် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရကြောင်း အဆိုပါ အစီရင်ခံစာ အရ သိရသည်။

''မဟာမဲခေါင် ဒေသရဲ့ သဘာဝ အခြေခံ စနစ်က ကောင်းမွန်ပါတယ်။ ဒါကြောင့် ဒီဒေသကနေ ထူးခြားပြီး လှပတဲ့ မျိုးစိတ်သစ်တွေ မကြာခဏ ပေးစွမ်းနေတာ တွေ့ရတယ်။ ဒါကြောင့်လည်း ဒီဒေသ တစ်လျှောက်မှာ နေထိုင်ကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အနေနဲ့ ဒီမျိုးစိတ် တွေကို အတတ်နိုင်ဆုံး ကာကွယ် သွားဖို့ လိုအပ်ပါတယ်'' ဟု WWF မဟာ မဲခေါင်ဒေသ ၏ တောရိုင်း တိရ စ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး ဒါရိုက်တာ Teak Seng က ပြောသည်။

ယခု တွေ့ရှိခဲ့သည့် မျိုးစိတ်သစ်များ အပါအဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ် စသည့်နိုင်ငံတို့ ပါဝင်သော မဟာမဲခေါင် ဒေသတွင်း၌ ၁၉၉၇ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း မျိုးစိတ်သစ်ပေါင်း ၂၂၁၆ မျိုးကို ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မှ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger