www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 31, 2015

ဧရာဝတီမြစ်အတွင်း ပထမဆုံးသော ရေလမ်း အကောက်စခန်း မကြာမီ ဖွင့်လှစ်မည်



ရန်ကုန် ၊ ၃၁-၃-၂၀၁၅

ဧရာဝတီမြစ် အတွင်း ပထမဆုံးသော အခွန်ကောက် စခန်းကို ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ ရှိ ဧရာဝတီ မြစ်ကမ်းအနီး ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသခွဲ ၃ ရုံး၌ တွဲဖက်၍ ဧပြီ ၁ ရက်မှစတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလမ်း အကောက်စခန်း မှ နိုင်ငံတော်၌ ပြဋ္ဌာန်းထားသော ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များ အတိုင်း ဧရာဝတီမြစ် အတွင်း၌ ရေယာဉ် ဖြတ်သန်း သွားလာခများ သတ်မှတ် ကောက်ခံသွားရန် စီစဉ်ထားသည်။ ထိုမှ ရရှိလာသော အခွန်ငွေ များကို ရေလမ်းကြောင်း များတွင် ရေယာဉ်များ အဆင်ပြေ ချောမွေ့စွာ ခုတ်မောင်း သွားလာနိုင်ရန် မြစ်ကြောင်းများ ပြုပြင် ထိန်းသိမ်းရာတွင် ပြန်လည် အသုံးပြု သွားမည် ဖြစ်ကြောင်း ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ရေလမ်းကြောင်း ဖြတ်သန်းခများ သတ်မှတ် ကောက်ခံရာတွင် အလျား ၃၉ ပေနှင့်အောက် စက်တပ်ရေယာဉ် ကို ငွေကျပ် ၂ဝဝ၊ အလျား ၃၉ ပေနှင့် အထက် စက်တပ် ရေယာဉ်များကို တစ်တန်မှ တန်ချိန် ၁ဝဝ အထိ တစ်တန်လျှင် ငွေကျပ် ၅ဝ၊ တန်ချိန် ၁ဝဝ နှင့်အထက် တစ်တန်လျှင် ၃၅ ကျပ် စသည်ဖြင့် ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ စက်မဲ့ ရေယာဉ်များ ကိုလည်း တစ်တန်မှ တန်ချိန် ၁ဝဝ အထိ တစ်တန်လျှင် ငွေကျပ် ၅ဝ၊ တန်ချိန် ၁ဝဝ နှင့်အထက် တစ်တန် လျှင် ၃၅ ကျပ်၊ သစ်လုံး တစ်လုံးလျှင် ငွေကျပ် ၃ဝ အစရှိသော နှုန်းထားများ သတ်မှတ်၍ စနစ်တကျ ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အနေဖြင့် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် အတွင်း၌ ရေလမ်း အကောက်စခန်း ၁ဝ ခုအထိ ဖွင့်လှစ် သွားရန် အစီအစဉ် ရှိကြောင်း လည်း သိရသည်။ အဆိုပါ အကောက် စခန်းများကို ဧရာဝတီမြစ် အတွင်း၌ ပြည်၊ ဟင်္သာတ၊ မကွေး၊ မန္တလေး၊ ပခုက္ကူ၊ ကသာနှင့် ဗန်းမော်မြို့ တို့၌ လည်းကောင်း၊ ချင်းတွင်းမြစ် အတွင်း၌ မုံရွာ၊ ကလေးဝနှင့် ဟုမ္မလင်းမြို့ တို့၌ လည်းကောင်း အသီးသီး ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger