www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 26, 2015

တပ်မတော်(လေ) လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(လေ)၏ K-8W လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် HEECH-1900 D သယ်ယူပို့ဆောင်ရေး 

လေယာဉ်များ တပ်တော်ဝင် အခမ်းအနား တွင် အမှာစကား ပြောကြားစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တပ်တော်ဝင်လေယာဉ်များ သရုပ်ပြပျံသန်းမှုများကို ကြည့်ရှု အားပေးစဉ်

နေပြည်တော် ၊ ၂၆-၂-၂၀၁၅

မြန်မာ့တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်အဖြစ် ရည်မှန်းတည်ဆောက်လျက် ရှိရာတွင် ခေတ်မီစစ်လက်နက်ပစ္စည်းများ တပ်ဆင်ရေးသည်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် တပ်တော်ဝင်အခမ်းအနားမှာ နိုင်ငံတော်ကာကွယ် ရေးအတွက် တပ်မတော်(လေ)ကို အားသစ်လောင်းပေးပြီး လေကြောင်းစွမ်းပကား မြှင့်တင်ရေးကိုများစွာ အထောက်အကူပြုမှာဖြစ်၍ နိုင်ငံတော်နှင့်တပ်မတော်(လေ)တို့အတွက် ထူးခြားလေးနက်သည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီတွင် မိထ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်း၌ ကျင်းပပြုလုပ်သော တပ်မတော်(လေ) ၏ “K-8W လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့် BEECH – 1900 D သယ်ယူပို့ဆောင်ရေးလေယာဉ်များ တပ်တော်ဝင်အခမ်းအနား၌ အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်အသီးသီးမှ ဌာနချုပ်မှူးများ၊ မိထ္ထီလာ တပ်နယ်မှ တပ်နယ်မှူးနှင့် တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် တို့က တပ်တော်ဝင် အခမ်းအနားနှ င့် စပ်လျဉ်း၍   ရှင်းလင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ 
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က တပ်တော်ဝင် အထိမ်းအမှတ် 
အမှတ်တရ လက်ဆောင် ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော်(လေ)၏ K-8W လေ့ကျင့်ရေးဂျက်လေယာဉ်၊ ATR-42 သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် HEECH-1900 D သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင် အခမ်းအနား သို့ 
တက်ရောက်လာသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်စဉ်

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြား ရာတွင် K-8 W လေယာဉ်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ CATIC ကုမ္ပဏီနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းတွင် တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့လွှဲပြောင်းပေးအပ်သည့် K-8 W လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသည် တတိယအကြိမ် ဖြစ်၍ ယခုလွှဲပြောင်းပေးမှုအပါအ၀င် တပ်မတော်(လေ)သို့ စုစုပေါင်း K-8 W လေယာဉ် ၁၈ စီး လွှဲပြောင်းပေး ပြီးဖြစ်ပါကြောင်း၊ K-8 W လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်များသည် အပေါ့စားတိုက်ခိုက်ရေးတာဝန်များကို ထမ်းဆောင်နိုင်ပြီး ခေတ်မီ အဆင့်မြင့် ရှေ့တန်းဂျက်တိုက်လေယာဉ်များ မောင်နှင်မည့်ေ လသူရဲများကို ကြားခံလေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေး အမောင်းသင်ဂျက်လေယာဉ် အမျိုးအစားဖြစ်ကြောင်း၊ တပ်မတော်(လေ)၏ အနာဂတ် မျိုးဆက်သစ် လေသူရဲများကို လေ့ကျင့်ပျိုးထောင်ပေးသွားနိုင်မှာဖြစ်၍ နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ဆထက်ထမ်းပိုး ထမ်းဆောင်သွားရန် များစွာ အထောက်အကူပြုမှာ ဖြစ်ကြောင်း။ BEECH 1900 D လေယာဉ်များနှင့် ATR 42 လေယာဉ်တို့သည် အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် များဖြစ်ပြီး အဓိကပုဂ္ဂိုလ်သယ်ယူပို့ဆောင်ခြင်း၊ ခရီးသည်သယ်ယူပို့ဆောင်ခြင်း၊ လူနာသယ်ဆောင်ခြင်း၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းနှင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း တာဝန်များကို ထမ်းဆောင်နိုင်သည့်အတွက်လည်း နိုင်ငံတော်နှင့်တပ်မတော်အတွက် များစွာ အကျိုးရှိစေမှာဖြစ်ကြောင်း၊ မျက်မှောက်ခေတ်ကမ္ဘာ့ရေးရာများကို လေ့လာကြည့်ပါက လေကြောင်းစွမ်းပကားသည်များစွာ အရေးပါလျက် ရှိကြောင်း၊ လေကြောင်းစွမ်းအားသာလွန်မှုကို အားပြု၍ စစ်ပွဲအောင်နိုင်ရေးအတွက် မိမိယှဉ်ပြိုင်ဘက်အပေါ် လွှမ်းမိုးချုပ်ကိုင်ရန်နှင့် မိမိတပ်များ တိုက်ပွဲစွမ်းရည် ပိုမိုတိုးတက်စေရန် အသုံးပြုလာကြကြောင်း၊ သာလွန်သော လေကြောင်းစွမ်းအားရရှိရေးအတွက် ခေတ်မီလေတပ်မတော်တစ်ခု တည်ထောင်ရမှာဖြစ်သကဲ့သို့ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော နည်းပညာရပ်များကိုလည်း သိရှိလေ့လာ ကျွမ်းဝင်တတ်မြောက် နေရန်လိုကြောင်း။

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးမှုနဲ့သာမလုံလောက်ဘဲ အဆိုပါ ခေတ်မီပစ္စည်း/လေယာဉ်များကို ကိုင်တွယ် ထိန်းသိမ်းမောင်းနှင်နိုင်သော ကျွမ်းကျင်သည့် လေသူရဲများ၊ ကျွမ်းကျင်သည့် စက်မှုလက်မှု ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်(လေ)၏ လေကြောင်းစွမ်းပကားမြှင့်တင်ရေးအတွက် ခေတ်မီ နည်းပညာသုံး လေယာဉ်/ရဟတ်ယာဉ်များ၊ စက်ပစ္စည်း/လက်နက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်ရေးနှင့် အတူ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်း လုပ်ဆောင် သွားရမှာဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမတွင် ပြည်သူ လူထုကို တိုင်းပြုပြည်ပြုလွှတ်တော်နှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ လေတပ်နှင့်ပတ်သက်၍ “လေတပ်ဆိုတာ အခုမှစတုန်းရှိသေးတယ်။ ဒီတိုင်းပြည်လို လေတပ်မျိုးဟာ အဖျင်းဆုံးလေယာဉ်ပျံအစင်း ၅၀၀ လောက် ရှေ့တန်းလေယာဉ်ပျံ ခေါ်ပါတယ်။ First Line Plane အဖျင်းဆုံးစစ်ဖြစ်ဖြစ်ခြင်း လေယာဉ်ပျံအစင်း ၅၀၀ လောက်ရှိမှ ဒါတောင်မှ လုံလောက်တယ်လို့ မခေါ်နိုင်သေးဘူး။ အဲဒီလေယာဉ်ပျံတွေ ၅၀၀ က ရှေ့မှာ တိုက်တဲ့အခါ နောက်မှာက လေယာဉ်ပျံတစ်စင်းကို သုံး၊ လေးစင်း အရန်ထားရမယ်။ အဲဒီနောက်မှာက အဖျင်းဆုံး လေယာဉ်ပျံ ၅၀၀ ထက်ဖြည့်မှဖြစ်မယ်” ဆိုပြီး မိန့်ကြားခဲ့ကြောင်း။

တပ်မတော်(လေ) အနေနဲ့ ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပညာမျိုးဆက်ကွာဟမှုများ ရှိနေရာမှ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ဘက်စုံသုံး စွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ အသုံးပြုလာခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ်တွင် စတုထ္ထမျိုးဆက် တိုက်လေယာဉ်များ စတင်အသုံးပြု လာနိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်ခဲ့ ပါကြောင်း၊ ယခုကဲ့သို့ အမီလိုက်နိုင်ရန်မှာ ပန်ကာတပ်လေယာဉ်အဆင့်မှ ဒုတိယ မျိုးဆက် ဂျက်တိုက်လေယာဉ်၊ ထိုမှတစ်ဆင့် စတုထ္ထမျိုးဆက် ဂျက်တိုက်လေယာဉ် စသည်ဖြင့် မျိုးဆက်များ ခုန်ကျော် တက်လှမ်းခဲ့ရကြောင်း၊ မျိုးဆက်များ ခုန်ကျော် တက်လှမ်းမှုနှင့်အတူ နိုင်ငံတော်ကာကွယ်ရေး အတွက် အဓိကကျသော ရှေ့တန်းတိုက်ခိုက်ရေး လေသူရဲများ မွေးထုတ်ပေးရာ၌ အခြေခံအမောင်းသင်လေယာဉ် အဆင့်မှ စတုထ္ထမျိုးဆက် တိုက်လေယာဉ်အထိ တိုက်ရိုက်ကူးပြောင်းရန် မဖြစ်နိုင်သည့်အတွက် ကြားခံလေ့ကျင့်ရေးတိုက်လေယာဉ်များနှင့် လေသူရဲငယ်များ အတွေ့အကြုံရင့်ကျက်စေရန် လေ့ကျင့်ပေးရမှာ ဖြစ်ကြောင်း၊ K-8W လေယာဉ်များသည် အနာဂတ်မျိုးဆက်သစ် လေသူရဲများ မွေးထုတ်ပေးရန်အတွက် ကြားခံ လေ့ကျင့်ရေး ဂျက်လေယာဉ်အဖြစ် အသုံးပြုနိုင်ကြောင်း၊ အကြီးစားသယ်ယူပို့ဆောင်ရေး လေယာဉ် Air Bus  များမောင်းနှင်ရန် အတွက် ATR 42 နှင့် BEECH – 1900 D လေယာဉ်များကဲ့သို့ ကြားခံ အလတ်စား သယ်ယူ ပို့ဆောင်ရေးလေယာဉ်များဖြင့် လေသူရဲများကို လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း။ အနာဂတ် အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်မည့် တပ်မတော်သည် အမှန် တကယ်စွမ်းရည်ရှိသော တပ်မတော်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ဖြစ်ရန်အတွက် ပထမ တပ်ကိုကောင်း အောင်လုပ်ရမည်၊ ဒုတိယ စွမ်းရည်ရှိအောင် လုပ်ရမည်၊ တတိယ ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း ၊ စွမ်းရည်ရှိသော တပ်မတော်ဖြစ်မှသာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး ၊ စည်းလုံး ညီညွတ်ရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်၍ ဆောင်ရွက် ပေးနိုင်မှာ ဖြစ်သကဲ့သို့ ပြည်သူ့ အကျိုးစီးပွားကိုလည်း ကာကွယ်စောင့်ရှောက် ပေးနိုင်မည် ဖြစ်ကြောင်းနှင့် လေယာဉ်များ တပ်တော်ဝင် နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြ သူများကို ချီးကျူး မှတ်တမ်းတင်ကြောင်းဖြင့် ပြောကြားသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်တော်ဝင်လေယာဉ်များအား လှည့်လည် ကြည့်ရှုစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
သရုပ်ပြပျံသန်းခြင်းများတွင် ပါဝင်ခဲ့ကြသော လေသူရဲများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်စဉ်

ထို့နောက် စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ် လွင်ဦးက လေ့ကျင့်ရေး ဂျက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များအား တပ်တော်ဝင် အဖြစ်ကြေငြာပြီး လေယာဉ် ဆိုင်ရာ အထောက်အထား စာရွက်စာတမ်း များကို ဒုတိယ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးမင်းက လေကြောင်း အတတ်သင် လေတပ်စခန်း ၊ လေတပ်စခန်းမှူး ဗိုလ်မှူးချုပ် မောင်မောင်ကျော်ထံ လွှဲပြောင်း ပေးအပ်သည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့က တပ်တော်ဝင် အထိမ်းအမှတ် အမှတ်ရ လက်ဆောင်အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ပေးအပ်ကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ကာကွယ်ရေး ဦးစီးချုပ် (လေ) နှင့် CATIC COMPANY မှ ဒုတိယ ဥက္ကဌ Mr.Liu Jianhai တို့အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား တပ်တော်ဝင် အထိမ်းအမှတ် လေယာဉ်/ရဟတ်ယာဉ် အုပ်ဖွဲ့များမှ Fly Past ဖြင့် ပျံသန်း အလေးပြုခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ပထမအုပ်ဖွဲ့ ပျံသန်း အလေးပြုခြင်းတွင် တံခွန်အုပ်ဖွဲ့မှ ရဟတ်ယာဉ် (၄)သီးဖြင့် ပျံသန်း အလေးပြုခြင်း ၊ ဒုတိယ အုပ်ဖွဲ့ ပျံသန်း အလေးပြုခြင်းတွင် ရန်နိုင်အုပ်ဖွဲ့မှ အမောင်းသင် လေယာဉ် (၆)စီးဖြင့် ပျံသန်း အလေးပြုခြင်း ၊ တတိယ 

အုပ်ဖွဲ့ပျံသန်း အလေးပြုခြင်းတွင် ရဲမာန်အုပ်ဖွဲ့မှ လေ့ကျင့်ရေး ဂျက်လေယာဉ် (၄)စီးဖြင့် ပျံသန်း အလေးပြုခြင်းနှင့် စတုတ္ထအုပ်ဖွဲ့ပျံသန်း အလေးပြုခြင်းတွင် ရာဇာ အုပ်ဖွဲ့မှ ဘက်စုံသုံး တိုက်လေယာဉ် (၅)စီးဖြင့် ပျံသန်း အလေးပြုကြသည်။

ဂျက်တိုက်လေယာဉ်လေးစီးက Shock Wave Formation Loop ခေါ်သော လေထုကိုဖောက်ခွင်းသည့် မြားခေါင်းပုံစံအုပ်ဖွဲ့ဖြင့် နောက်ပြန်ကျွမ်းထိုး သရုပ်ပြ ပျံသန်းစဉ်


ရာဇာအုပ်ဖွဲ့မှ ဘက်စုံသုံး တိုက်လေယာဉ်ငါးစီးက Fan Break ဖြင့် သရုပ်ပြပျံသန်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
ရာဇာအုပ်ဖွဲ့မှ ဘက်စုံသုံး တိုက်လေယာဉ်ငါးစီးဖြင့် ပျံသန်း အလေးပြုစဉ် 

ထို့နောက် သရုပ်ပြ ပျံသန်းခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ရာဇာအုပ်ဖွဲ့မှ ဘက်စုံသုံး တိုက်လေယာဉ် (၅)စီးမှ Fan Break ဖြင့် သရုပ်ပြပျံသန်းခြင်း ၊ ဂျက်တိုက်လေယာဉ် (၄)စီးမှ Zoom Climbing Turn ခေါ်သော လေယာဉ်ကို အပေါ်သို့ တက်လျက် ဘယ်/ညာကွေ့ခြင်း ၊ Box Formation Loop ခေါ်သော စတုဂံပုံစံ အုပ်ဖွဲ့ဖြင့် နောက်ပြန်ကျွမ်းထိုး သရုပ်ပြ ပျံသန်းခြင်း ၊ Shock Wave Formation Loop ခေါ်သော လေထုကို ဖောက်ခွင်းသည့် မြှားခေါင်းပုံစံ အုပ်ဖွဲ့ဖြင့် နောက်ပြန်ကျွမ်းထိုး သရုပ်ပြ ပျံသန်းခြင်း ၊ Tootsie Rolls ခေါ်သော ဂျက်တိုက်လေယာဉ် (၃)စီးတွဲ အုပ်ဖွဲ့ကို အခြားတစ်စီးမှ ရစ်ပတ်ပျံသန်း သရုပ်ပြခြင်း ၊ Twinkle Rolls ခေါ်သော (၄)စီးတွဲချက် တစ်ပြိုင်တည်း ဘေးလိမ့်ကျွမ်းထိုး ပျံသန်း သရုပ်ပြခြင်းနှင့် Bomb Bust Loop ခေါ်သော နောက်ပြန် ကျွမ်းထိုး သရုပ်ပြပျံသန်းခြင်းတို့ကို ပျံသန်း သရုပ်ပြကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများက တပ်တော်ဝင် လေ့ကျင့်ရေး ဂျက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များကို အမွှေးနံ့သာများ ပက်ဖျန်းကြပြီး မီးရှူး၊ မီးပန်း ပစ်လွှတ်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် လေယာဉ်များအား လှည့်လည် ကြည့်ရှုကြသည်။

ထို့နောက် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရဟတ်ယာဉ် ၊ လေယာဉ်များ ၊ သရုပ်ပြပျံသန်းခြင်းများတွင် ပါဝင်ခဲ့ကြသော လေသူရဲများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger