www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 27, 2015

ယခုနှစ် ခရီးသွားရာသီအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှုမြင့် တက်လာသည့် ဧရာဝတီ လင်းပိုင်ကြည့် ခရီးစဉ်


နိုင်ငံခြား ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု အရှိဆုံးဖြစ်သည့် ဧရာဝတီလင်းပိုင် နှင့် ရေလုပ်သား ပူးပေါင်းငါးဖမ်းသည့် ဓလေ့ကို တွေ့ရစဉ်

ရန်ကုန် ၊ ၂၇-၁-၂ဝ၁၅

လင်းပိုင် ထိန်းသိမ်းရေး နေရာများ ကြည့်ရှု လေ့လာနိုင်မည့် ဧရာဝတီ လင်းပိုင်ကြည့် ခရီးစဉ်ကို လာရောက်သူမှာ ယခင်နှစ် များထက် ပိုမို များလာကြောင်း၊ ဧည့်သည် အဝင်များသည့် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ တို့တွင် လင်းပိုင်ကြည့် ခရီးစဉ် အခေါက်ရေ ၃ဝ ကျော် လိုက်ပါ ပို့ဆောင်ခဲ့ ရကြောင်း နိုင်ငံခြား ခရီးသွား ဧည့်သည် ပို့ဆောင်ရေး ရေယာဉ် အသင်းမှ သိရသည်။

ဧရာဝတီ လင်းပိုင်ကြည့် ခရီးစဉ်တွင် ဧရာဝတီ လင်းပိုင် ကာကွယ် စောင့်ရှောက်ရေး နယ်မြေတွင်းရှိ ဧရာဝတီ လင်းပိုင် အများဆုံး ကျက်စားသော ဆင်ပန်းကုန်း၊ မြေဇွန်း၊ ဆည်သည် နှင့် မြစ်ကမ်းကြီး ကျေးရွာတို့ကို အဓိက ထား၍ ခရီးသွား များအား ပို့ဆောင် ပေးသွားမည် ဖြစ်ပြီး ခရီးစဉ်တွင် လင်းပိုင်များ ကြည့်ရှုခြင်း၊ လင်းပိုင်များနှင့် ငါးဖမ်းသော ရေလုပ်သား များ၏ လုပ်ငန်းခွင် (ပုံ) ကို ကြည့်ရှုခြင်း အပြင် ကျေးရွာများ၏ ထွက်ကုန်များကို ဝယ်ယူနိုင်ခြင်း၊ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများနှင့် အထိမ်းအမှတ်နေရာများ ကိုပါ လေ့လာနိုင်ခြင်း စသည်တို့ ပါဝင်မည် ဖြစ်သည်။ 

သွားရောက် ကြည့်ရှုမည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် လင်းပိုင်များကို ခရီးစဉ်အတွင်း မတွေ့ရှိခဲ့ရ ပါက နစ်နာမှုများ မရှိစေရန် ယင်း မြစ်ကြောင်း တစ်လျှောက်မှ အိုးလုပ်ငန်း၊ ခမောက်လုပ်ငန်း အစရှိသည့် လက်မှု လုပ်ငန်းများ လုပ်ကိုင်သည့် ရွာများတွင် ဝင်ရောက် လေ့လာနိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

''မရမ်းခြံဆိပ်မှာ မန္တလေး - မင်းကွန်း ကို ရေယာဉ်နဲ့ သွားတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေက များပေမယ့် ဒီနှစ်မှာ လင်းပိုင်ကြည့် ခရီးစဉ်ကို စင်းလုံးငှား အနေနဲ့ လိုက်ပါ ပို့ဆောင် ပေးတာတွေလည်း ရှိပါတယ်။ လင်းပိုင်ကြည့် ခရီးစဉ်က အရင်ထက် စာရင် ဒီနှစ်မှာ သွားတဲ့သူ ပိုများ လာတယ်။ ခရီးသွား အဝင်များတဲ့ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလ တွေမှာ ဆိုရင် လင်းပိုင် ခရီးစဉ်ကို နေ့စဉ်နီးပါး လိုက်ပါ ပို့ဆောင်ပေး ရပြီး ခရီးသွားတွေ များတဲ့ အခါမှာ တစ်ရက်တည်းကို ရေယာဉ် သုံး၊ လေးစင်းနဲ့ လိုက်ပို့ပေး ရတာတွေ ရှိတယ် .. '' ဟု မရမ်းခြံဆိပ် နိုင်ငံခြား ခရီးသွား ဧည့်သည် ပို့ဆောင်ရေး ရေယာဉ်အသင်း မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဧရာဝတီ လင်းပိုင်ကြည့် ခရီးစဉ်တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု အရှိဆုံးမှာ ဧရာဝတီ လင်းပိုင်နှင့် ရေလုပ်သား ပူးပေါင်း ငါးဖမ်းသည့် ဓလေ့ဖြစ်ပြီး အဆိုပါ ဓလေ့မှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ ၌သာ ရှိသည်။ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ တို့အနီး ဧရာဝတီ မြစ်ဘေးရှိ ကျေးရွာအချို့တွင် ရှေးနှစ်ပေါင်း များစွာ ကတည်းက ဧရာဝတီ လင်းပိုင် နှင့် ရေလုပ်သား ပူးပေါင်း ငါးဖမ်းသည့် ဓလေ့ရှိခဲ့ပြီး လက်ရှိ အချိန်ထိလည်း မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ရှိ ဧရာဝတီမြစ် ကမ်းဘေး ကျေးရွာများ ဖြစ်သည့် ဆင်ကျွန်း၊ ဧကျွန်း၊ မြေဇွန်း၊ ဆင်ပန်းကုန်း၊ မြစ်ကမ်းကြီး နှင့် ကြက်တူရွေး စသည့် ကျေးရွာများတွင် အဆိုပါ ဓလေ့ ကျန်ရှိနေဆဲ  ဖြစ်ကာ ယင်းကျေးရွာ ခြောက်ရွာတွင် ဧရာဝတီ လင်းပိုင် နှင့် ပူးပေါင်းငါးဖမ်း နိုင်သည့် ရေလုပ်သား ၃ဝ ခန့် ရှိကြောင်း သိရသည်။

လက်ရှိ ကောက်ခံ ထားသော စာရင်းများအရ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး နယ်မြေဖြစ်သည့် မန္တလေးမြို့မှ ကျောက်မြောင်းမြို့ အကြား မြစ်ကြောင်း တစ်လျှောက်တွင် လင်းပိုင် အကောင်ရေ ၂၂ ကောင်ရှိပြီး မန္တလေးမြို့မှ ဗန်းမော်မြို့အထိ စုစုပေါင်း အကောင်ရေ ၆၃ ကောင်ခန့် ရှိကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger