www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 31, 2014

အလှကိုယ်စီ နှင့် အောင်မြင်ရေးသို့


အလှကိုယ်စီ နှင့် အောင်မြင်ရေးသို့

ဆရာသစ္စာ

လူတိုင်းမှာ အလှကိုယ်စီ ရှိကြ၍ စွမ်းအား ကိုယ်စီလည်း ရှိကြ၏။ ရုပ်အလှကို မြင်သည်ထက် စိတ်အလှကို မြင်နိုင်ရန် အရေးကြီးသည်။ စိတ်အလှမှာ ကိုယ်ချင်းစာစိတ် ဖြင့် အကျင့်သီလ ကောင်းမှု၊ သူ့အကျိုးကို လိုလားသည့် မေတ္တာစိတ်၊ စွန့်လွှတ်မှု စေတနာတို့ ဖြင့် သည်းခံ၊ ခွင့်လွှတ်၊ အနစ်နာခံ ပေးရ၏။ ကိုယ့်အတွက် မဟုတ်ဘဲ အများအတွက် ဆိုလျှင် အလှဆုံး ဖြစ်သည်။

ထို့ပြင် လူတိုင်းမှာလည်း စွမ်းအား ရှိကြ၏။ အတိတ်ကံကြောင့် ယခုဘဝတွင် ချို့ယွင်းချက်များ ရှိနေတတ်၏။ တချို့ မျက်စိနှစ်ကွင်း အလင်းမရ သော်လည်း သာမန် လူများထက် စွမ်းဆောင် နေသည်ကို တွေ့ရသည်။ တချို့မှာကိုယ်လက် စွန့်လွှတ် ရသော်လည်း အံ့သြဖွယ် ကောင်းအောင် စွမ်းဆောင် နေကြ၏။

အတိတ်ကံက ပြီးခဲ့ပြီမို့ ပြင်၍ မရသော်လည်း ချို့ယွင်းလာသည့် အားနည်းချက်ကို အားသာချက် ဖြစ်အောင် သိပြီး ပြုကျင့်က စွမ်းအား တိုးတက်စေမည် ဖြစ်သည်။ ယခုဘဝတွင် ကံချင်း တူသော်လည်း ဉာဏ်မတူလျှင် ရှုံးနိမ့်မည် ဖြစ်၏။ ဉာဏ်ချင်းတူ သော်လည်း ကြိုးစား အားထုတ်မှု မရှိလျှင် ရှုံးနိမ့်မည် ဖြစ်၏။ ကြိုးစား အားထုတ်မှုချင်း တူသော်လည်း စည်းကမ်းမရှိလျှင် ရှုံးနိမ့်မည် ဖြစ်၏။ စနစ်တကျ စည်းကမ်းရှိ သော်လည်း စေတနာ မရှိလျှင် ရှုံးနိမ့်မည် ဖြစ်၏။ စေတနာ ထက်သန် သော်လည်း ရိုးသားဖြောင့်မှန်မှု မရှိလျှင် ရှုံးနိမ့်မည် ဖြစ်၏။ ရိုးသားဖြောင့်မှန် သော်လည်း အပြောကြမ်းပြီး စကားအပြော မကောင်းလျှင် ရှုံးနိမ့်မည် ဖြစ်၏။

ရရှိလာသည့် လူ့ဘဝကို အကောင်းဆုံး အသုံးချသွားရန် လိုအပ်ပါသည်။ ''မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား၊ ပြောပြုတွေးလျှင် သတိယှဉ် ဆင်ခြင်ဉာဏ် ရှေ့သွား၊ ရိုးသားဖြောင့်မှန် ခွင့်လွှတ်ရန် သည်းခံ မေတ္တာထား၊ လုံ့လနှင့်ဇွဲ မလျှော့ဘဲ အမြဲ တင်းတင်းထား၊ အရာရာ တိုင်းတွင် အသုံးဝင် အောင်မြင်ကြောင်း တရား'' ဟု ဘုရားရှင်တိုင်း ဟောကြားခဲ့သည့် တရားတော်ကို တိပိဋက ယော ဆရာတော်က အများလိုက်နာ ကျင့်နိုင်ရန် ဟောကြား ထားသည်။

လူ့ဘဝတွင် ရုပ်ကိုပြင်ရ သလို စိတ်ကိုလည်း ပြင်နေရ၏။ အများက ရုပ်တိုးတက်ရေး နောက်ကိုလိုက်၍ မောပန်း နေကြ၏။ ရုပ်ကိုမျှတ စေ၍ စိတ်ကို စွမ်းအားမြှင့် ပေးရမည် ဟု နားလည် သဘောပေါက် ရ၏။ 

"'တန်းတူတွေ့လျှင် မေတ္တာဝင် မဝင်နိုင်က ပြိုင်တတ် တယ်။ ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ ကိုယ့်ထက်သာလျှင် မုဒိတာဝင် မဝင်ဣဿာ ယိုင်တတ်တယ်။ ယိုင်မယ့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။ ကိုယ့်အောက် တွေ့လျှင် ကရုဏာဝင် မဝင်နိုင်က နိုင်တတ်တယ်။ နိုင်မယ့်အစား ကရုဏာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ် '' ဟု တွေ့ကြုံရမည့် အခြေအနေများ တွင် စိတ်ထား တတ်စေရန် ပညာရှင်များက လမ်းညွှန်ပြ ထားကြသည်။ 

အနိုင်ယူလို သည်မှာလည်း ကိုယ့်အတွက် ဆိုသော်လည်း အများအတွက် အကျိုးပြု ရ၏။ ပထမ မိမိချမ်းသာရေးမှ အများ ချမ်းသာရေး အထိ မျှဝေခံစား နိုင်သည်အထိ ကြိုးစားရမည်။ မိမိ ချမ်းသာစွာ နေနိုင်ရေးအတွက် ''စိတ်ဆိုးသူကို မေတ္တာပို ကိုယ်ကအောင် နိုင်သည်။ မကောင်းသူကို ကောင်းမှုပို ကိုယ်က အောင်နိုင်သည်။ နှမြောသူကို ပေးကမ်းပို ကိုယ်က အောင်နိုင်သည်။ မမှန်သူကို အမှန်ပြောဆို ကိုယ်က အောင်နိုင်သည် '' ဟု တစ်ဆင့်ထက် တစ်ဆင့် မြင့်တက် ကြိုးစားရင်း အလှကိုယ်စီ နှင့် အောင်မြင်ရေးသို့ တက်လှမ်း နိုင်ကြ ပါစေသတည်း။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger