www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 28, 2014

ကွမ်းလုံ ရက်ပေါင်း ၄၀ တိုက်ပွဲ


ကွမ်းလုံ ရက်ပေါင်း ၄၀ တိုက်ပွဲ

ဆင်ဖြူကျွန်း အောင်သိန်း

''ကွမ်းလုံ ရက်ပေါင်း ၄ဝ တိုက်ပွဲ'' ရုပ်ရှင် သတင်းကို ဖတ်ရှုရသော အခါ အလွန် ဝမ်းမြောက် ရပါသည်။ ဖြစ်ပေါ်သော ဝမ်းမြောက်မှု နှစ်ရပ်အနက် ပထမ ဝမ်းမြောက်မှုမှာ မိတ်ဆွေကို မမျှော်လင့်ဘဲ တွေ့လိုက် သောကြောင့် ဖြစ်၏။ ဒုတိယ ဝမ်းမြောက်မှုမှာ ဖြစ်သင့် ပါလျက် မဖြစ်ဘဲ ရှိရာမှ ရုတ်တရက် ထဖြစ် သောကြောင့် တည်း။

မိမိတို့ မူလတန်းတွင် စာသင် ရစဉ်က မြန်မာပြည်၏ မြောက်ဘက် နယ်နိမိတ် ကို ''ကွမ်းလုံ ကူးတို့ဆိပ်'' ဟုသင်ယူ ခဲ့ရ၏။ ကိုးနှစ်သားမှ အသက် ၄ဝ ကျော်သည် အထိ ''သြော် ငါတို့ရဲ့ ပိုင်နက်ဟာ ကွမ်းလုံ ကူးတို့ဆိပ် အထိပဲ ရှိပါကလား'' ဟူ၍ မှတ်ယူ ယုံကြည် ခဲ့ရ၏။

ထိုဒေသသို့ မိမိတို့ ရောက်ခဲ့ သည်မှာ ၁ဝ နှစ်။ လွန်ရော ကျွံရော ၁၅ နှစ်ဟု ထင်နေခဲ့၏။ ကွမ်းလုံ ရက်ပေါင်း ၄ဝ တိုက်ပွဲ ရုပ်ရှင်သတင်းကို ဖတ်ရှု ရတော့မှ နှစ်ပေါင်း ၄ဝ ရှိပြီဟူ၍ သတိထား မိရ ပါတော့သည်။ ကွမ်းလုံကို ''ကွမ်းလုံ''ဟု မှတ်သား ထားခဲ့ငြား၊ ကွမ်းလုံသို့ ကိုယ်တိုင်ရောက်သွား သောအခါ ''ကွန်းလုံ'' အရေးအသား ကိုလည်း အမှတ်ထင်ထင် တွေ့မြင်ရ၏။ ဒေသခံများထံ စပ်စုသော အခါ သူတို့လည်း မပြော တတ်ပေ။

သည်ခရီး၏ အစမှာ ကျောက်မဲ ဖြစ်၏။ မန္တလေး ဘူတာသို့ လားရှိုး ဆရာဝန်ကြီး ကမ္ဘောဇ ခင်လှိုင်၏ ကားက လာရောက် ကြိုဆိုသည်။ ဧည့်သည်များမှာ စိန်ခင်မောင်ရီ၊ အထောက်တော် လှအောင် နှင့် ဆင်ဖြူကျွန်း အောင်သိန်း တို့ ဖြစ်ကြ၏။ ထို သုံးယောက်သည် အုတ်တွင်းနှင့် မန္တလေး ဘူတာကြီးတွင် ဟောပြောပြီးမှ ကျောက်မဲသို့ ရောက်လာ ကြခြင်း ဖြစ်သည်။

ကျောက်မဲတွင် သူတို့ သုံးယောက်ချည်း မဟုတ်။ လားရှိုးသို့ လေယာဉ်ဖြင့် လာပြီးမှ ကျောက်မဲသို့ ကားဖြင့် စုန်ဆင်း လာသော သုမောင်လည်း ပါဝင်သည်။ သို့ရာတွင် သုမောင်မှာ လားရှိုး ဟောပြောပွဲ အပြီးတွင် ပြန်ပြေးရ သည်။ ထို့ကြောင့် ကွမ်းလုံသို့ ရောက်လာသူ များတွင် သုမောင် မပါတော့ပေ။ မိမိတို့ သုံးယောက် ရောက်လျှင် ရောက်ချင်း သတင်းသမား အထောက်တော် လှအောင် က ပူပူနွေးနွေး ပြီးစီးစ တိုက်ပွဲ အကြောင်း မေး၏။ အရာရှိ တစ်ယောက်က တိုက်ပွဲ အကြောင်း ပြောပြရုံ သာမက ''ကျက်'' နေသော မြေပြင်ကိုပါ ပြသရန် အတွက် ကားဖြင့် လိုက်ပို့သည်။

ကျရောက် ပေါက်ကွဲကာ လောင်သော မီးသည် အနည်းငယ်မျှ မဟုတ်၊ ခဏတာ မျှလည်း မဟုတ်၊ အလွန် ကြီးမား ပြင်းထန်သော ကြောင့်သာ မြေကြီးပါ ကျက်ခြင်း ဖြစ်ပေ လိမ့်မည်။ မြို့သူမြို့သား၊ ကျောင်းသား၊ ကျောင်းသူ တွေပါ ဝိုင်းအုံ အားပေးသည် ကြားရ၏။ အလွန်လည်း ပြင်းထန်သည် ဆို၏။ 

သံလွင်မြစ်၏ ကျဉ်းမြောင်းသော နေရာ ကလေးကို တံတားဖြင့် ဖြတ်ကျော် လိုက်လျှင် ကွမ်းလုံမြို့သို့ ရောက်၏။ မိမိတို့သည် တံတားအနီး တွင် တည်းခိုကာ သံလွင်မြစ်ရေ ချိုးဖူးသည် ရှိစေရန် ပြေးဆင်း လာကြ၏။ မြစ်ရေ ထဲတွင် စွတ်ခနဲ ဆင်းပြီးနောက် ပြန်ပြေး တက်လာရင်း မြို့ကို မျှော်ကြည့်သည်။ ကျောဘက်တွင် တောင်စဉ် တောင်တန်းတွေ ပါတကား။ ထိုမြို့၏ တစ်ဖက်ကမ်း တွင် တပ်စခန်း တစ်ခု ရှိသည်။ ကျောဘက်တွင်မူ သစ်ပင်တွေ ဖုံးနေသော တောင်မြင့်ကြီး တွေရှိသည်။ နှစ်ကာလ ကြာမြင့်ပြီ ဖြစ်သည့် အတွက် ထိုစခန်းသို့ သွားရောက်ကာ စာပေ ဟောပြောပွဲ ကျင်းပဖြစ် သေးသလော။ မမှတ်မိ တော့ပါ။ ကုန်ကုန် ပြောရလျှင် ပင်ရင်း ကွမ်းလုံမှာပင် မည်သည့် နေရာ၌ ဟောပြောပွဲ ကျင်းပခဲ့ သနည်း ဟူသည်ကို မမှတ်မိ တော့ပါ။

သို့သော် မိမိသည် အထောက်တော် လှအောင် ရေဖြင့် လှမ်းပက် နေသည်ကို မတုံ့ပြန်ဘဲ ကွမ်းလုံ ကျောဘက်ရှိ တောင်ကုန်းကို ငေးမော နေသည်ကိုကား ကောင်းစွာ မှတ်မိသည်။ ငေးမော နေမိခြင်းမှာ လည်း ရဲဘော်မည်မျှ နိုင်ငံတော် အတွက် အသက်ပေး ခဲ့ရသနည်း အတွေးဝင် နေသောကြောင့် ဖြစ်သည်။ ''ဟာ...သည်လူတော့ အအေးမိပြီး သေတော့မှာပဲ ''ဟူသည့် စိန်ခင်မောင်ရီ ၏ ပြောသံနှင့် အတူ ကျောကို အပုတ်ခံရမှ သတိဝင်လာ သည်။ သူသည် ရေမချိုး ပါဘဲလျက် မိမိတို့ နောက်သို့ လိုက်လာခြင်း ဖြစ်သည်။

သည်ကတည်းက မိမိသည် ထိုအကြောင်း အရာကို ရုပ်ရှင် ရိုက်ထားသင့် သည်ဟု ထိုင်ရာမထ ပြောမိသည်။ ရန်ကုန်သို့ ပြန်အရောက် တွင်လည်း ပြောမိ သေးသည်။ သို့သော် လူတွေမှာလည်း သူ့ကိစ္စနှင့်သူ ရှိနေ ခဲ့ကြရာက ယနေ့မှ ထလုပ်သည် ကို ဝမ်းသာရခြင်း ဖြစ်သည်။

ယနေ့ ရန်ကုန်မြို့တွင် ပြသနေသော ရုပ်ရှင်ကား များသည် ရုပ်ရှင်ပြီးမှ နိုင်ငံတော် အလံ ပြသရမည့် အစား ရုပ်ရှင်ကား မပြသမီ ကြိုတင်ပြီး ပြသ နေကြရ၏။ နိုင်ငံတော် အလံကို မတ်တတ်ရပ်ကာ အလေးပြုကြ ပါရန် စာတန်းလည်း ထိုး၏။ အသံလည်း ထွက်၏။ နိုင်ငံကြီးသား ပီသစွာ ဟူ၍လည်း ပါရှိသေး၏။ နိုင်ငံကြီးသား ဟူသည် အတောင်ဖြင့် လောဟု မေးမိ သူများကား တယ်လီဖုန်း အဆော့ မပျက်ပါ။ နိုင်ငံတော် အလံသည် မည်ကဲ့သို့ ဖြစ်ပေါ် လာသနည်း။ ထိုသူများ မသိပါ။ မြို့ပေါ်တွင် ထိုသူတွေ စည်းစိမ်ဖြင့် နေနိုင်ရန် အတွက် ရဲဘော်တွေက အသက်စွန့်ကာ တိုက်ပွဲဝင် နေကြရ၏။

အမိမြေ တစ်လက်မ အတွက် ရဲဘော် ရာပေါင်းများစွာ အသက်စွန့် ခဲ့ကြရ၏။ သို့ဖြစ် သောကြောင့် နိုင်ငံတော် အလံ ဆိုသည်မှာ ခေတ်အဆက်ဆက် တွင် နိုင်ငံတော် အတွက် အသက်ပေး သွားကြရသူ များ၏ ဝိညာဉ်များ ဖြစ်၏။

သို့ပါလျက် နှင့် နိုင်ငံတော် အလံကို အလေးပြု ရကောင်းမှန်း မသိသော ထိုသူများ အတွက် ''ကွမ်းလုံ ရက် ၄ဝ တိုက်ပွဲ'' ရုပ်ရှင်ကားသည် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ခန့် ကတည်းက ထွက်ပေါ် လာသင့်သည်။ အသက်ကို အသက်ဟု မထင်သူ များကို ထို ရုပ်ရှင်ထဲတွင် မြင်ရမည်။ ''ကွမ်းလုံ ရက်ပေါင်း ၄ဝ တိုက်ပွဲ'' ရုပ်ရှင်သတင်း ကို ဖတ်ရှု ရသောအခါ မိတ်ဆွေကို မမျှော်လင့်ဘဲ တွေ့လိုက်ရ သကဲ့သို့ လည်းကောင်း၊ ဖြစ်သင့် ပါလျက် မဖြစ်ဘဲ နေခဲ့ရာမှ ဗြုန်းခနဲ ထဖြစ် သည်နှင့် ကြုံရ သကဲ့သို့ လည်းကောင်း ဝမ်းမြောက် ရပါသည်ဟု ဆိုခဲ့ခြင်း ဖြစ်ပေ၏။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger