www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 30, 2014

မိတ္ထီလာမြို့ မုန်တိုင်ကျေးရွာ ယဉ်ကျေးမှုဇုန် အမှတ်(၂)တွင် ရှေးဟောင်း စေတီဘုရားများ လေ့လာနိုင်



မိတ္ထီလာမြို့ မုန်တိုင်ကျေးရွာ ယဉ်ကျေးမှုဇုန် အမှတ်(၂)တွင် ရှေးဟောင်း စေတီဘုရားများ

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ မြို့နယ် အနောက်ဘက် ၁ဝ မိုင်ခန့် အကွာတွင် မုန်တိုင်ကျေးရွာ တည်ရှိ ပြီး အဆိုပါ ကျေးရွာ အနီးတစ်ဝိုက် ရှိ ရှေးဟောင်းစေတီ ဘုရားများကို ယဉ်ကျေးမှု ဝန်ကြီးဌာန က ယဉ်ကျေးမှု ဇုန်အမှတ် (၂) အဖြစ် သတ်မှတ်ကာ ထိန်းသိမ်း စောင့်ရှောက်ထားခဲ့သည်။ (ပုံ)

မုန်တိုင် ရှေးဟောင်း ယဉ်ကျေးမှုဇုန် အမှတ်(၂)ရှိ ရှေးဟောင်း စေတီဘုရားများ တည်ရှိရာ နေရာများကို (က)အုပ်စု၊ (ခ)အုပ်စု၊ (ဂ)အုပ်စုနှင့် (ဃ) အုပ်စုအဖြစ် ခွဲခြား ထားသည်။ မုန်တိုင်ကျေးရွာ အနီး၌ ရှေးဟောင်း စေတီဘုရား အများအပြား ရှိသည့်အနက် ပိုမို ထင်ရှားသည့် စေတီဘုရား များမှာ ဦးပြောင်ကြီး ဘုရား၊ စေတီကုန်း ဘုရား၊ မောင်းဘုရား၊ စူဠာမုနိ ဘုရား တို့ဖြစ်သည်။ 

ရှေးဟောင်း စေတီဘုရား အများစုတွင် ကုန်းဘောင်ခေတ် နှောင်းပိုင်း ယဉ်ကျေးမှု အနုပညာ လက်ရာ များကို တွေ့ရသည်။

ဦးပြောင်ကြီး ဘုရားသည် (က) အုပ်စု အတွင်း၌ တည်ရှိပြီး လိုဏ်ဂူဘုရား ဖြစ်သည်။ မုခ်လေးမုခ် ပါရှိပြီး ကုန်းဘောင် ခေတ်နှောင်းပိုင်း လက်ရာ ဗုဒ္ဓ ရုပ်ပွားတော် လေးဆူကို ကပ်လျက် အရပ် လေးမျက်နှာ မူကာ တည်ထား သည်ကို တွေ့ရသည်။ ဂူဘုရား အတွင်း၌ ယခင်က ရှေးဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာများ ဖြစ်သည့် ဇာတ်နိပါတ်တော် နှင့် ဗုဒ္ဓဝင် နံရံဆေးရေး ပန်းချီများ ရှိခဲ့သော်လည်း နှောင်းလူတို့မှ တန်ဖိုး ထားအပ်သည့် အရာများ ဖြစ်ကြောင်း မသိရှိဘဲ ပြုပြင်လိုသည့် စိတ်စေတနာ ဖြင့်သာ နံရံဆေးရေး ပန်းချီများ အပေါ်မှ ဆေးနီများ သုတ်ကာ ပြုပြင် ထားသည်ကို တွေ့ရသည်။ 

အလားတူ အခြား ဂူဘုရားများ အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာ နံရံဆေးရေး ပန်းချီများ သည်လည်း ပျက်စီးမှု ကို ဖုံးကွယ် ပြုပြင်ရာ၌ နှမြောဖွယ် ကွယ်ပျောက် သွားသည်ကို လေ့လာ တွေ့ရှိ ရသည်။ ရွှေဘုရား ငွေဘုရား လိုဏ်ဂူဘုရား နှစ်ဆူအတွင်း ၌မူ နံရံဆေးရေး ပန်းချီလက်ရာ တချို့ကို တစ်ဝက် တစ်ပျက် လေ့လာ တွေ့ရှိ နိုင်သေးသည်။

စေတီဘုရား အများစုတွင် ရှေးဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာများ ရှိနေပြီး အဆက်ဆက် ပြုပြင် သူများ၏ အမည်များ၊ စေတီ ဘုရားများ အသွင်အပြင် များပေါ် မူတည်၍ ဘွဲ့အမည် သမုတ်ထားခြင်း မှလွဲ၍ မူလကုသိုလ်ရှင် များ၏ အမည်များနှင့် တည်ထားသည့် ခုနှစ် သက္ကရာဇ် အတိအကျ ကို သိရှိနိုင်ခြင်း မရှိချေ။

မုန်တိုင်ကျေးရွာ ယဉ်ကျေးမှု ဇုန်အမှတ်(၂) အတွင်းရှိ စေတီဘုရား များမှာ စုစုပေါင်း ၈၆ ဆူခန့် ရှိပြီး အဆင့်အတန်း မြင့်မားသည့် မြန်မာ့ ယဉ်ကျေးမှု အနုပညာ လက်ရာများကို အဆိုပါ ဘုရားစေတီများ တွင် တွေ့မြင် နိုင်သည်။ မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းမ အနီးတွင် တည်ရှိပြီး အမြန် လမ်းမကြီး၏ အနောက်ဘက် နှစ်မိုင်ခန့် အကွာတွင် တည်ရှိ သောကြောင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည့် နေရာတွင် ရှိသည်။

ထိုကြောင့် မုန်တိုင်ကျေးရွာ ယဉ်ကျေးမှုဇုန် အမှတ်(၂)ရှိ ရှေးဟောင်း စေတီဘုရား များအား လေ့လာလို သူများ သိရှိနိုင်စေရန် နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား ကြည့်ရှု့ လေ့လာ နိုင်စေရေး အတွက် ဆောင်ရွက် နိုင်မည် ဆိုပါက ယခုကဲ့သို့ မြန်မာနိုင်ငံ အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများအပြား လာရောက် လေ့လာ နေချိန်တွင် နိုင်ငံခြား ဝင်ငွေများ ရရှိနိုင်ပြီး ဒေသခံ ကျေးရွာနေ ပြည်သူများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ လာနိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger