www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 29, 2014

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြား


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
ဗိုလ်လောင်း တပ်ခွဲများအား စစ်ဆေးစဉ်

နေပြည်တော် ၊ ၂၉-၈-၂၀၁၄

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မှော်ဘီ တပ်နယ်ရှိ တပ်မတော် (ကြည်း) ဗိုလ် သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်း ဒေသကြီး မြို့တော်ဝန် ဦးလှမြင့်၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ နိုင်ငံခြား စစ်သံရုံး များမှ စစ်သံမှူးများ နှင့် တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများ နှင့် မိဘ ဆွေမျိုးများ တက်ရောက် ကြသည်။

အခမ်းအနား တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြု ခြင်းကို ခံယူပြီး ဗိုလ်လောင်း တပ်ခွဲများအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်း တပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြုခြင်း ကို ခံယူသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူမင်းအောင်လှိုင် 
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)
ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်း
ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် ဗိုလ်လောင်းတပ်ခွဲ များ၏ ချီတက်
အလေးပြုခြင်းကို ခံယူစဉ်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁)မှ အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိသူ ဗိုလ်လောင်း အမှတ် (၈၂)၊ ဗိုလ်လောင်း လေးနွယ်ထွန်း အား ဆုပေးအပ် ချီးမြှင့်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) 
ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်။


ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်း အမျိုးသမီး ဗိုလ်လောင်း များအား မိန့်ခွန်း ပြောကြားရာ တွင် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေး နှင့် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင်သည့် နေရာတွင် ရဲဘော်တို့၏ အတတ် ပညာနှင့် စွမ်းရည် များကို အပြည့်အဝ အသုံးချနိုင် တော့မည် ဖြစ်သည့် အတွက် နိုင်ငံတော် နှင့် တပ်မတော် အတွက် အားသစ်လောင်း သည့် နေ့တစ်နေ့ ဖြစ်ကြောင်း၊ တပ်မတော်၏ သမိုင်းစဉ် တစ်လျှောက်တွင် ပထမ ဦးဆုံးသော ဗိုလ်သင်တန်း ကျောင်းဆင်း ဘွဲ့ရ အမျိုးသမီး အရာရှိများ အဖြစ် တာဝန် ထမ်းဆောင် ရတော့မည့် ရဲဘော်တို့ အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် ဆိုလျှင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသည် အလွန် အရေးကြီးကြောင်း၊ နိုင်ငံ၏ တည်ရှိမှု အနေအထား နှင့် သဘာဝ သယံဇာတ များ ဘယ်လောက်ပင် ကောင်းမွန် ပြည့်စုံပါစေ ၄င်းတို့ကို စနစ်တကျ စီမံခန့်ခွဲ အသုံးချမည့် လူသား အရင်းအမြစ် မရှိလျှင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး သည် နောက်ကျ ကျန်ခဲ့မည် ပင်ဖြစ်ကြောင်း၊ အလားတူပင် တပ်မတော် အနေဖြင့်လည်း အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီ မျိုးချစ် တပ်မတော် အဖြစ် တည်ဆောက်သည့် နေရာတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခြင်းကြောင့် တပ်ဖွဲ့ဝင် များ၏ စွမ်းရည် တိုးတက် မြင့်မားလာရန် ဆောင်ရွက် ပေးလျက် ရှိကြောင်း။

ယနေ့ခေတ် ကမ္ဘာကြီး၏ အခြေအနေကို လေ့လာ ကြည့်လျှင်လည်း နိုင်ငံ အများအပြား တွင် အမျိုးသမီး များသည် အမျိုးသား များနှင့် တန်းတူ ရင်ပေါင်တန်းပြီး အလုပ် လုပ်ကိုင် နေကြကြောင်း၊ အချို့ နိုင်ငံများတွင် နိုင်ငံ အကြီးအကဲ တာဝန် ထမ်းဆောင် နိုင်သည်အထိ အမျိုးသမီး များ၏ စွမ်းဆောင်ရည် မြင့်မား လာသည်ကို ရဲဘော်တို့ အသိပင် ဖြစ်ကြောင်း။

နိုင်ငံ၏ သမိုင်းကြောင်းကို လေ့လာ ကြည့်လျှင် တပ်မတော်သည် အတိတ်ကာလ က ပေးသည့် သမိုင်း သင်ခန်းစာနှင့် မျိုးချစ် စိတ်ဓာတ်ကို အခြေခံပြီး လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အတူ ပြည်သူကြားက ပေါက်ဖွား လာခဲ့သည့် တပ်မတော် ဖြစ်ကြောင်း၊ တပ်မတော် ပေါ်ထွန်း လာပြီး နိုင်ငံတော် အတွက် လွတ်လပ်ရေး ရအောင် ကြိုးပမ်းပေး နိုင်ခဲ့ သကဲ့သို့ နိုင်ငံတော် အတွက် အရေးကြုံ လာသည့် အခါတိုင်းတွင် လည်း တပ်မတော် ကပင် ဝင်ရောက် စောင့်ရှောက် ပေးခဲ့ရခြင်းကို ရဲဘော်တို့ အားလုံး အသိပင် ဖြစ်ကြောင်း။

ထို အစဉ်အလာ ကောင်းများနှင့် ပြည့်စုံသည့် တပ်မတော်၏ သမိုင်းကြောင်း တစ်လျှောက် တွင် မြန်မာ အမျိုးသမီး များ၏ ထူးချွန် ပြောင်မြောက်သည့် ကြိုးပမ်း ဆောင်ရွက်မှု အချို့လည်း ပါရှိခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်သည့် ကာလ တွင်လည်း မြန်မာ အမျိုးသမီး အချို့သည် တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းခဲ့ ကြကြောင်း၊ မိမိတို့ နိုင်ငံတွင် ၁၉၅၄ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေး အတွက် အမျိုးသမီး စစ်ဝန်ထမ်း တပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး ထူးချွန် ပြောင်မြောက်သည့် အမျိုးသမီး စစ်မှုထမ်း များစွာလည်း ပေါ်ပေါက် ခဲ့ကြောင်း။

တပ်မတော်၏ လုပ်ငန်း တာဝန်များ အဖြစ် နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်း တာဝန် ဆိုပြီး ချမှတ်ပြဋ္ဌာန်း ပေးထားပြီး ဖြစ်ကြောင်း၊ ထိုအထဲကမှ အခြေခံ အကျဆုံး တာဝန်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ပင် ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး ဆိုသည့် နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကို ထိပါးလာမည့် ပြည်တွင်း/ ပြည်ပ အန္တရာယ်များကို ကာကွယ် ချေမှုန်း တိုက်ခိုက် သွားရန်သာ ဖြစ်သော်လည်း ယနေ့ခေတ် အချိန် ကာလတွင် စစ်ရေးနည်း လမ်းသာမက နိုင်ငံရေးအရ ထိုးနှက်မှု၊ စီးပွားရေး အရ ထိုးနှက်မှု၊ ယဉ်ကျေးမှု အရ ထိုးနှက် တိုက်ခိုက်မှု စသည့် အန္တရာယ် တွေကိုပါ ကာကွယ် နိုင်အောင် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရင်း တစ်ဖက်တွင်လည်း လေ့ကျင့်ရေး တာဝန်ကို ထမ်းဆောင် သွားကြရမည် ဖြစ်ကြောင်း။

တပ်မတော်၏ နောက်ထပ အဓိက လုပ်ငန်း တာဝန်ကြီး တစ်ခုကတော့ ပြည်သူ့ အကျိုးပြု လုပ်ငန်း တာဝန်ပင် ဖြစ်ကြောင်း၊ တပ်မတော် သည် နိုင်ငံတော်တွင် အရေးကြုံ လာသည့် အခါတိုင်း ရှေ့တန်းက အမြဲတမ်း မားမားမတ်မတ် ရပ်တည် ခဲ့ကြောင်း၊ သဘာဝ ဘေးအန္တရာယ် များ ကျရောက် ခဲ့သည့် အချိန်တွင်လည်း တပ်မတော်သား တွေကသာ အရင်ဆုံး ရောက်ရှိ ကူညီခဲ့ကြခြင်း ဖြစ်ကြောင်း၊ ၄င်းသည် တပ်မတော်၏ အလွန် မွန်မြတ်သည့် ပြည်သူ့ အကျိုးပြု လုပ်ငန်း တာဝန်ကို ထမ်းဆောင် နေခြင်းပင် ဖြစ်ကြောင်း၊ ယနေ့ အချိန်တွင် လည်း တပ်မတော်သည် နိုင်ငံတစ်ဝန်း သွားလာမှု ခက်ခဲသည့် နေရာများ အထိ ရောက်ရှိပြီး ဆေးကုသ ပေးမှုများ အပါအဝင် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူ့ အကျိုးပြု လုပ်ငန်း တာဝန်များ ကို ထမ်းဆောင် ပေးလျက် ရှိကြောင်း၊ ထို့ကြောင့် မိမိ ရောက်ရှိ တာဝန် ထမ်းဆောင်သည့် နယ်မြေ ဒေသက ပြည်သူ့ အကျိုးပြု လုပ်ငန်းများတွင် တတ်အားသမျှ ပါဝင် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

ခေါင်းဆောင်မှု နှင့် ပတ်သက်၍ အရေးကြီး ဆုံးမှာ လုပ်ငန်း ကျွမ်းကျင်မှု၊ အတတ် ပညာပိုင်း ဆိုင်ရာ တတ်ကျွမ်းမှု နှင့် စစ်စည်းကမ်း လိုက်နာပြီး အမိန့် နာခံမှု ရှိရေးတို့ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်မှု ပညာနှင့် ခေါင်းဆောင်မှု အင်္ဂါရပ်များကို သေချာစွာ လေ့လာ မှတ်သားပြီး စနစ်တကျ လိုက်နာ ကျင့်ကြံ ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။

တပ်မတော်သည် အဓိက လုပ်ငန်း တာဝန်ကြီး ၃ ရပ်အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် တာဝန် သည်လည်း တပ်မတော်၏ အဓိက တာဝန်ပင် ဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၂ဝ)မှာ ''တပ်မတော် သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်'' ဟု အတိအလင်း ဖော်ပြထားပြီး ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာကွယ် စောင့်ရှောက် ရမည်ပင် ဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့စဉ်က အခြေခံမူ ၁ဝ၄ ချက် ချမှတ်ခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ စုပေါင်းပြီး စနစ်တကျ အချိန်ယူရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း ၊ နိုင်ငံတော် နှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး အတွက် စနစ်တကျ ရေးဆွဲထားသည် ဖြစ်သကဲ့သို့ ပြည်ပ နိုင်ငံများ၏ ဒီမိုကရေစီ ကို ပုံတူကူးချခြင်း မဟုတ်ဘဲ ကိုယ့်နိုင်ငံ၏ ပထဝီ အနေအထား၊ ရိုးရာ ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်း သမိုင်း အစဉ်အလာ တို့ကိုပါ ထည့်သွင်း စဉ်းစားပြီး စနစ်တကျ ရေးဆွဲ အတည်ပြု ထားခြင်းလည်း ဖြစ်ကြောင်း ၊ ပြည်သူ လူထု၏ ဆန္ဒနှင့်အညီ ရေးဆွဲ အတည်ပြု ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော် အနေဖြင့် လေးစား လိုက်နာရမှာ ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များကိုလည်း ကာကွယ် စောင့်ရှောက် သွားရမည် ဖြစ်ကြောင်း။

ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး အဖြစ် တည်ဆောက် နိုင်ရန် ပြည်တွင်း ငြိမ်းချမ်းရေး နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး သည် အလွန် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျကျန် ခဲ့ရခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးကို အပြည့်အဝ မတည်ဆောက် နိုင်ခြင်းက အဓိက အချက် တစ်ချက် အဖြစ် ပါဝင် နေသည်ကို အထင်အရှား တွေ့ရမည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ကိုလိုနီ လက်အောက်ခံ ဘဝတွင် နယ်ချဲ့များ၏ သွေးခွဲ အုပ်ချုပ်မှုကြောင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး စိတ်ဝမ်းကွဲ ခဲ့ရသည်မှာ အထင်အရှားပင် ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီးသည့် အခါတွင် အတွေးအခေါ် အယူအဆ ကွဲပြားမှု အပေါ် အခြေခံပြီး လက်နက်ကိုင် သောင်းကျန်းမှု မျိုးစုံပေါ်ပေါက် လာခဲ့သည့် အတွက် မိမိတို့ တပ်မတော်သည် တိုင်းပြည် မပြိုကွဲရအောင် အသက် သွေးချွေး မြောက်မြားစွာ စတေးပြီး ဆောင်ရွက် ခဲ့ရကြောင်း၊ ယင်းသို့ ဆူပူ သောင်းကျန်းမှု များသာ မရှိဘဲ တိုင်းပြည် တည်ငြိမ် အေးချမ်း နေမည်ဆိုလျှင် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန် နှင့် အာရုံစိုက် လုပ်ဆောင် နိုင်မည် ဖြစ်၍ မိမိ တို့ နိုင်ငံသည် အလျင်အမြန် ဖွံ့ဖြိုး တိုးတက် လာမည်ပင် ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့ တပ်မတော်သည် အခု အချိန်တွင် နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှု နှင့်အညီ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေး လုပ်ငန်းများတွင် ဥပဒေဘောင် အတွင်းမှ တက်တက် ကြွကြွ လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း၊ စစ်ပွဲတစ်ခု ဖြစ်ပွားလာပြီ ဆိုလျှင် ပထမဦးဆုံး ရင်ဆိုင်ကြ ရသည်မှာ တပ်မတော်သား များ ဖြစ်ကြောင်း၊ ထို့ကြောင့် မလိုအပ်ဘဲ စစ်ဖြစ်ပွား မှုကို အဖြစ်နိုင်ဆုံး မလိုလား သူများ သည်လည်း တပ်မတော်သား များပင် ဖြစ်ကြောင်း၊ ပြည်တွင်းတွင် အကြောင်း အမျိုးမျိုးဖြင့် ဖြစ်ပွားခဲ့သော ပစ်ခတ် တိုက်ခိုက်မှု များတွင် မည်သည့်ဘက် ကပင်ထိခိုက် ကျဆုံးသည် ဖြစ်စေ မိမိတို့ တိုင်းရင်းသား ညီနောင် များသာ ဖြစ်၍ တိုင်းပြည် အတွက်လည်း အလွန်ပင် ထိခိုက် နစ်နာကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် ရမည့် လုပ်အားများ၊ စွမ်းအားများ၊ အလဟဿ ထိခိုက် ဆုံးရှုံး ရခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့ အနေဖြင့်လည်း မိမိ ရောက်ရှိ တာဝန် ထမ်းဆောင်ရာ ဒေသတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် ကျရာအခန်း ကဏ္ဍကနေ ပါဝင် ဆောင်ရွက် ပေးရမည် ဆိုသည်ကို သဘောပေါက် နားလည် ထားကြရန် လိုအပ်ကြောင်း၊ ထို့အပြင် မိမိတို့ တပ်မတော် အနေဖြင့် ပိုင်နက် နယ်မြေကို တစ်လက်မမျှ အဆုံးရှုံး မခံနိုင်ဘဲ နိုင်ငံ ပိုင်နက် နယ်မြေကို လက်ရှိ အတိုင်း စုစုစည်းစည်း တည်ရှိနေရန် အလေးထား ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားကြရမည် ဖြစ်ကြောင်း၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ၊ ပြည်တွင်း ငြိမ်းချမ်းရေး နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကိစ္စများ ကို ရောက်ရှိ တာဝန် ထမ်းဆောင်ရာ ဒေသတိုင်း တွင် အစဉ် အလေးထား ဆောင်ရွက် သွားကြရန် နှင့် ဒို့တာဝန် အရေးသုံးပါး ကို အစဉ်ကာကွယ် ထိန်းသိမ်းပြီး နိုင်ငံတော်နှင့် တပ်မတော် ၏ အနာဂတ် ကာလတွင် အားကိုး ထိုက်သည့် ခေါင်းဆောင်ငယ် များ ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက် သွားကြရန် တို့အား တိုက်တွန်း မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ 
ဗိုလ်လောင်း အမှတ်(၈၂)၊ ဗိုလ်လောင်း လေးနွယ်ထွန်းအား ဆုပေးအပ်ချီးမြှင့်စဉ်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြု ခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနား မှ ပြန်လည် ထွက်ခွာ သွားသည်။

စစ်ရေးပြ အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တို့နှင့်အတူ ရိပ်သာ ဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း လေးနွယ်ထွန်း အဖ ဦးထွန်းမြင့်၊ အမိ ဒေါ်မြင့်လေး၊ (မအူတောရွာ၊ ဇေယျာသီရိ မြို့နယ်၊ နေပြည်တော်)၊ သေနတ်ပစ် အကောင်းဆုံး ဆုရ ဗိုလ်လောင်း ဇာဇာအောင် အဖ ဦးသောင်းအေး၊ အမိ ဒေါ်ရင်နု (ကညင်ငူရွာ၊ ငပုတောမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး) တို့အား မိဘများနှင့် အတူတကွ တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ယမန်နေ့ ကျောင်းဆင်းပွဲ ပြုလုပ်သည့် အခါသမယ သည် မိုးနှောင်း အကြိုကာလ ဖြစ်သည် နှင့်အညီ စစ်ရေးပြ အခမ်းအနား ပြုလုပ်သည့် အချိန်တွင် အေးမြသော မိုးများ တဖွဲဖွဲကျဆင်း နေသော်လည်း မိုးစက်တို့နှင့် အတူ အမျိုးသမီး ဗိုလ်လောင်း များ၏ အားမာန် အပြည့်ဖြင့် တက်ကြွစွာ လှုပ်ရှား နေသည့် စစ်ရေးပြ လှုပ်ရှားမှုမှာ နိုင်ငံတော်နှင့် တပ်မတော် အတွက် ဂုဏ်ယူ အားတက်စရာ ဖြစ်သည့် မြင်ကွင်း ဖြစ်ကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger