www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 28, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ (၆၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်မိန့်ခွန်း ပြောကြား


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
(၆၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တွင် မိန့်ခွန်း ပြောကြားစဉ်

နေပြည်တော် ၊ ၂၈-၃-၂၀၁၄

ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေး မူဝါဒအဖြစ် ဦးထိပ် ပန်ဆင်၍ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး အခန်းကဏ္ဍတွင် နိုင်ငံတော် အစိုးရ၊ တပ်မတော် နှင့် ပြည်သူ တစ်ရပ်လုံးတို့ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေး၊ နိုင်ငံတော် အစိုးရ၏ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် အကောင် အထည်ဖော် ဆောင်မှု၌ တစ်တပ် တစ်အား ဝိုင်းဝန်း ကူညီဆောင် ရွက်ရေး၊ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် စုစည်း ညီညွတ်သော ပြည်ထောင်စု ကို အခြေခံ၍ တည်ငြိမ် အေးချမ်းမှု မှသည် ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရာ၌ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုသည့် ၂ဝ၁၄ ခုနှစ်(၆၉) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် များနှင့်အညီ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြ ကွင်းကြီး၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်း ပြောကြားသည်။ 

အဆိုပါ ၂ဝ၁၄ ခုနှစ် (၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေ  ၊  ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ရာပြည့်၊ နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ စစ်သံမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးများ၊ မီးသတ် ဦးစီးဌာနမှ အရာရှိကြီးများ၊ ကြက်ခြေနီ တပ်ဖွဲ့မှ အရာရှိကြီးများ၊ တက္ကသိုလ လေ့ကျင့်ရေး တပ်များမှ  တပ်ဖွဲ့ဝင် ကျောင်းဆရာ များနှင့် ကျောင်းသားများ၊ ပြည်တွင်း ပြည်ပ သတင်းဌာန များမှ သတင်းထောက်များ၊ ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်းများမှ သတင်းထောက်များ၊ အနုပညာ ရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။







(၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ စစ်ကြောင်း ကြီးများ ချီတက်မည့် စုရပ် သစ်တပ် စစ်ရေးပြကွင်း မှ စစ်ရေးပြ ကွင်းကြီး၏ အဝင်မုခ်ဦး၊ ၄င်းမှ စစ်ရေးပြ ကွင်းကြီး တစ်လျှောက် လမ်းဘေးဝဲ/ ယာတို့တွင် အမြဲစိမ်း ပင်များ၊ ပုံဖော်ပင် များ၌ လျှပ်တစ်ပြက် မီးရောင်စုံများ၊ မီးပြေးများ ကို စနစ်တကျ တပ်ဆင် ထွန်းညှိထား ရှိသည်။

ထို့နောက် နံနက် ၅ နာရီတွင် ၂ဝ၁၄ ခုနှစ် (၆၉) နှစ်မြောက် တပ်မတော်နေ့  စစ်ရေးပြ အခမ်းအနား၌  ပါဝင် ချီတက်ကြမည့် ယန္တယား တပ်ဖွဲ့များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင် များသည် စစ်ရေးပြ အခမ်းအနားသို့ စစ်ကြောင်း ကြီးများ အလိုက် သစ်တပ် စစ်ရေးပြကွင်း ၌ စတင် စုရုံး ရောက်ရှိ နေရာယူကြပြီး စစ်ရေးပြ အစီအစဉ် အတိုင်း ဆောင်ရွက် ကြသည်။

စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် မျိုးဇော်သိမ်း ဦးဆောင်၍ (၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ စစ်ကြောင်း ကြီးများ စုရပ် စစ်ရေးပြကွင်းမှ တပ်မတော်နေ့ အခမ်းအနား ကျင်းပသည့် စစ်ရေးပြ ကွင်းကြီးဆီသို့ စတင် ချီတက် လာချိန်မှစ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ၏ ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ၏ ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)၏ ဇနီး ဒေါ်အေးအေးသန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီး များ၏ ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၏ ဇနီးတို့က ဂုဏ်ပြု ပန်းကုံးများ စွပ်၍ ကြိုဆို ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ၏ဇနီး
 ဒေါ်ကြူကြူလှ စစ်ရေးပြ စစ်ကြောင်းများအား ဂုဏ်ပြုပန်းကုံးစွပ်၍ ကြိုဆိုစဉ်

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း ၏ဇနီး ဒေါ်သန်းသန်းနွယ် စစ်ရေးပြ စစ်ကြောင်းများအား ဂုဏ်ပြုပန်းကုံးစွပ်၍ ကြိုဆိုစဉ်

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း ၏ဇနီး
 ဒေါ်မာမာဝေ စစ်ရေးပြ စစ်ကြောင်းများအား ဂုဏ်ပြုပန်းကုံးစွပ်၍ ကြိုဆိုစဉ်

အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးတို့မှ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒေသခံ မိဘ ပြည်သူများ ကလည်း စစ်ကြောင်း ကြီးများ ချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်း ဖြဖြ ကြိုဆို ကာ ဂုဏ်ပြု ပန်းကုံးများ စွပ်ကြသည်။

စစ်ရေးပြ စစ်ကြောင်း ကြီးများ နေပြည်တော် စစ်ရေးပြကွင်း ကြီးဆီသို့ မရောက် ရှိမီ ဗဟို စစ်တီးဝိုင်း အဖွဲ့သည် စစ်ရေးပြ ကွင်းကြီး အတွင်းရှိ သတ်မှတ် နေရာ၌ နေရာ ယူသည်။

(၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တွင် ချီတက် ရောက်ရှိ လာသော စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးသန့် ဦးဆောင်သော ကွပ်ကဲမှုယာဉ် ၁ စီး၊ ၄င်းနောက်မှ ဒုတိယ ဗိုလ်မှူးကြီး ထူးမြတ်တိုး ဦးဆောင်သော သံချပ်ကာ ယန္တရား တပ်ဖွဲ့ ညွှန်ကြား ရေးမှူးရုံး ကိုယ်စားပြု ကွပ်ကဲမှုယာဉ် ၁ စီး၊ ဗိုလ်မှူး ကျော်ဆွေလင်း ဦးဆောင် သော အလတ်စား တင့် ၅ စီး ၊ ယင်းနောက် ဗိုလ်မှူး မျိုးကို ဦးဆောင်သော သံချပ်ကာ ကင်းထောက် ယာဉ် ၁၂ စီး ၊ ယင်းနောက် ဗိုလ်မှူး ရဲကျော်သူ ဦးဆောင်သော သံချပ်ကာ တိုက်ယာဉ် ၁၂ စီး၊ ယင်းနောက် ဒုတိယ ဗိုလ်မှူးကြီး မြင့်နိုင် ဦးဆောင်သော အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ရုံးကိုယ်စားပြု ကွပ်ကဲမှုယာဉ် ၁ စီး၊ ဗိုလ်မှူး သော်ဇင်စိုး ဦးဆောင်သော ယာဉ်တင် အမြောက်ကြီး ၆ စီး၊ ယင်းနောက် ဗိုလ်မှူး နေလင်းထက် ဦးဆောင်သော အတွဲလိုက်ပစ် ဒုံးယာဉ် ၃ စီး၊ ယင်းနောက် ဗိုလ်မှူး မင်းအောင်နိုင် ဦးဆောင်သော ယာဉ်တွဲ အမြောက် ၉ စီး၊ ယင်းနောက် ဗိုလ်မှူး ထက်ကိုကိုဝင်း ဦးဆောင်သော ယာဉ်တွဲအမြောက် ၉ စီး၊ ဒုတိယ ဗိုလ်မှူးကြီး သန်းဇော်ထူး ဦးဆောင် သော လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြု ကွပ်ကဲမှုယာဉ် ၁ စီး၊ ဗိုလ်မှူး မျိုးထွေး ဦးဆောင်သော ရေဒါယာဉ် ၃ စီး၊ ဗိုလ်မှူး ချမ်းငြိမ်းထွန်း ဦးဆောင်သော တာလတ်ပစ် ဒုံးယာဉ် ၆ စီး၊ ယင်းနောက် ဗိုလ်မှူး ချိုနိုင်ဦး ဦးဆောင် သော လေယာဉ်ပစ် အမြောက်ယာဉ် ၆ စီးနှင့် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)ဗိုလ်ကြီး စိုးမိုးပြည့် ဦးဆောင်သော တာတိုပစ် ဒုံးယာဉ် ၁၂ စီးတို့က ယန္တယား တပ်ဖွဲ့များ ကိုယ်စားပြု အောင်ဆန်း စစ်ကြောင်း အမည်ဖြင့် ချီတက်ကြသည်။






ယင်းနောက် (၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင် ဦးဆောင်သော စစ်ရေးပြ မှူးကြီး ဗိုလ်မှူးချုပ် မျိုးဇော်သိမ်း ဦးဆောင်၍ ၄င်းနောက် မှ စစ်ရေးပြ တပ်ရေး ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထက်၊ ယင်းနောက် အလံတော် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး အောင်မျိုးမောင် က ခေါင်းဆောင်ပြီး ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အလံများနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) အလံများ ပါဝင်သော အလံအဖွဲ့၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း  ဦးဆောင်ပြီး တပ်ခွဲမှူး ဗိုလ်မှူး ဇော်ဇော်အောင် ခေါင်းဆောင်သည့် ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ဂုဏ်ပြုတပ်ခွဲ၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စပ်ခွန်မိန်း၊ တပ်ခွဲမှူး ဗိုလ်မှူး အောင်တေဇာလွင် ခေါင်းဆောင်သည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေး ပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး နိုင်လတ်ဝင်း ခေါင်းဆောင်သည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ထွန်းထွန်းလတ် ခေါင်းဆောင်သည့် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး သူရိန်လင်း ခေါင်းဆောင်သည့် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး  ဗိုလ်မှူး ကျော်ထင် ခေါင်းဆောင်သည့် အမှတ်(၂၂) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ ၊ စစ်တီးဝိုင်း အဖွဲ့ ခေါင်းဆောင် ဒုတိယ အရာခံဗိုလ် ကိုကိုလွင် ခေါင်းဆောင်သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော်သား များက အနော်ရထာစစ်ကြောင်း အမည်ဖြင့် ချီတက် ကြသည်။

ဆက်လက်၍ အနော်ရထာ စစ်ကြောင်း၏ နောက်တွင် အလံအဖွဲ့ ခေါင်းဆောင်   ဗိုလ်မှူး ကျော်စည်သူ ခေါင်းဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ ပါဝင်သော အလံအဖွဲ့၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ထိန်ဝင်း ဦးဆောင်ပြီး တပ်ခွဲမှူး ဗိုလ်မှူး သန့်ဇော်မြင့် ခေါင်းဆောင်သည့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ကိုယ်စားပြု ဂုဏ်ပြုတပ်ခွဲ၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မောင်မောင်သန့်၊ တပ်ခွဲမှူး ဗိုလ်မှူး အောင်ခိုင် ခေါင်းဆောင်သည့် ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊  တပ်ခွဲမှူး  ဗိုလ်မှူး ဟိန်းထက်ဇော် ခေါင်းဆောင်သည့်  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး သန့်ဇင်ကျော် ခေါင်းဆောင်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး မြတ်နေထွန်း ခေါင်းဆောင်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၁)၊ တပ်ခွဲမှူး ဗိုလ်မှူး မျိုးသန့်ထွန်း ခေါင်းဆောင်သည့် အမှတ်(၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲနှင့် စစ်တီးဝိုင်း အဖွဲ့ခေါင်းဆောင်  ဒုတိယ အရာခံဗိုလ် ဇော်ဝမ်း ခေါင်းဆောင်သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော်သား များက ကျန်စစ်သား စစ်ကြောင်း အမည်ဖြင့် လည်းကောင်း၊ အလံအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး စိုးမင်းအောင် ခေါင်းဆောင်သည့်  တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ ပါဝင်သော အလံအဖွဲ့၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မြင့်စိုး ဦးဆောင်ပြီး တပ်ခွဲမှူး ဗိုလ်မှူး ဘုန်းဝေ ခေါင်းဆောင်သည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊  တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မင်းကျင်စံ၊ တပ်ခွဲမှူး ဗိုလ်မှူး ထိန်ဝင်းအောင် ခေါင်းဆောင်သည့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ကျော်ကျော်သိန်း ခေါင်းဆောင်သည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး မျိုးမင်းခိုင် ခေါင်းဆောင် သည့်  တြိဂံဒေသတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ဝင်းဇော်လင်း ခေါင်းဆောင်သည့် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ဖြိုးဝေအောင် ခေါင်းဆောင်သည့် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ စစ်တီးဝိုင်း အဖွဲ့ခေါင်းဆောင် တပ်ကြပ် သန့်ဆွေ ခေါင်းဆောင်သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော်သား များက ဘုရင့်နောင် စစ်ကြောင်း အမည်ဖြင့် လည်းကောင်း၊ အလံအဖွဲ့ခေါင်းဆောင် ဗိုလ်မှူး အောင်မျိုးမင်း ခေါင်းဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အလံများပါဝင်သည့် အလံအဖွဲ့၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး စိုးအောင် ဦးဆောင်ပြီး တပ်ခွဲမှူး ဗိုလ်မှူး သန့်ဇင်ဦး ခေါင်းဆောင်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု ဂုဏ်ပြုတပ်ခွဲ၊ တပ်ရင်းမှူး  ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း၊ တပ်ခွဲမှူး ဗိုလ်မှူး နိုင်ဝင်းလတ် ခေါင်းဆောင်သော စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး အောင်နိုင် ခေါင်းဆောင်သည့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး စိုးသီဟ ခေါင်းဆောင်သည့် အနောက်တောင် တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ဇေယျာမြင့် ခေါင်းဆောင်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၁)၊ တပ်ခွဲမှူး ဗိုလ်မှူး နေမင်းသူ ခေါင်းဆောင်သည့် အရှေ့တောင်တိုင်း    စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲနှင့် စစ်တီးဝိုင်း အဖွဲ့ခေါင်းဆောင် တပ်ကြပ်ကြီး သိန်းမောင် ခေါင်းဆောင်သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော်သား များက အောင်ဇေယျ စစ်ကြောင်း အမည်ဖြင့် လည်းကောင်း၊ အလံအဖွဲ့ခေါင်းဆောင် ရဲမှူး နေဝင်းထွန်း ခေါင်းဆောင်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ ကိုယ်စားပြု အလံများ ပါဝင်သော အလံအဖွဲ့၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး တင်ခိုင် ဦးဆောင်ပြီး ရဲမှူး မြင့်မောင် ခေါင်းဆောင် သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု ဂုဏ်ပြုတပ်ခွဲ၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခန့်မွန်ဆွေ ဦးဆောင်ပြီး တပ်ခွဲမှူး လက်ထောက် ညွှန်ကြားရေးမှူး အောင်ဆွေဝင်း ခေါင်းဆောင်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး  ဗိုလ်မှူး ထွန်းဝင်းလှိုင် ခေါင်းဆောင်သည့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ခွဲ ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး စိုးသီဟ ခေါင်းဆောင်သော အနောက် မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ကျော်လင်း ခေါင်းဆောင်သည့် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ ၊ တပ်ခွဲမှူး ဗိုလ်မှူး ကျော်ဆွေဦး ခေါင်းဆောင် သော အမှတ်(၅၅) ခြေမြန် တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်တီးဝိုင်းအဖွဲ့ ခေါင်းဆောင် တပ်ကြပ် ကျော်စိုး ခေါင်းဆောင် သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော်သား များက ဆင်ဖြူရှင် စစ်ကြောင်း အမည်ဖြင့် လည်းကောင်း ချီတက် ကြသည်။ 

ထိုကဲ့သို့ စစ်ကြောင်းကြီး ငါးကြောင်းမှ တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၉ဝဝဝ ဦး တို့သည် စုရပ် သစ်တပ် စစ်ရေးပြ ကွင်းမှ စတင်၍ သတ်မှတ် အစီအစဉ် အတိုင်း စစ်ရေးပြ ကွင်းကြီး ဆီသို့ ချီတက်စဉ် ဇာတိသွေး၊ ဇာတိမာန် အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင် ဟစ်ကြွေး သီဆိုကြပြီး စစ်ရေးပြ ကွင်းကြီး အတွင်းသို့ရောက်ရှိ နေရာယူ ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပရာ စစ်ရေးပြကွင်း ကြီးသို့ ရောက်ရှိလာပြီး စစ်ရေးပြ ကွင်းကြီး အတွင်းရှိ အလေးပြုခံ စင်မြင့်၌ နေရာ ယူသည်။ 

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အား စစ်ကြောင်းကြီး များမှ တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင် များက အလေးပြု ကြသည်။

(၆၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အား စစ်ရေးပြ စစ်ကြောင်းကြီးများ မှ ချီတက် အလေးပြုစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် မော်တော်ယာဉ် ဖြင့် စစ်ရေးပြ စစ်ကြောင်းကြီး များအား စစ်ဆေး သည်။ 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် (၆၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ၌ စစ်ရေးပြ စစ်ကြောင်းကြီး များအား စစ်ဆေးစဉ်



ဆက်လက်၍ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အလံအား အလေးပြု ကြရာ ဗဟို စစ်တီးဝိုင်း အဖွဲ့က နိုင်ငံတော် သီချင်းကို တီးမှုတ်သည်။

ယင်းနောက် ကျဆုံး လေပြီးသော တပ်မတော်သား များအား အလေးပြု ကြပြီး စစ်ကြောင်း ကြီးများမှ (ကြည်း၊ရေ၊ လေ) တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတ ပ်ဖွဲ့ဝင်များ က သစ္စာလေးချက်ကို သံပြိုင် ညီညာ ရွတ်ဆို ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က မိန့်ခွန်း ပြောကြားသည်။ ထိုသို့ ပြောကြားရာတွင်-

ယနေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ပြည်သူနှင့် တပ်မတော် စည်းလုံး ညီညွတ်စွာ လက်တွဲပြီး နယ်ချဲ့ ဖက်ဆစ်ကို တော်လှန် တိုက်ထုတ် ခဲ့သည့် (၆၉) နှစ်မြောက် တပ်မတော်နေ့ ဖြစ်ကြောင်း ။ နိုင်ငံ သမိုင်းကြောင်း တစ်လျှောက်တွင် ခေတ်စနစ် အမျိုးမျိုး ဘယ်လိုပဲ ပြောင်းပြောင်း အစဉ်ထာဝရ မမေ့အပ်သည့် ထူးခြား လေးနက်သော တပ်မတော်နေ့ တွင် မှာကြား စရာ ရှိတာများ ၊ သိသင့် သိထိုက် တာများကို အလေးအနက် မှာကြား သွားမည် ဖြစ်ကြောင်း ။

၁၈၂၆ ခုနှစ် ရခိုင်နှင့် တနင်္သာရီ ဒေသများ နယ်ချဲ့ လက်အောက် သူ့ကျွန်ဘဝ စတင် ရောက်ရှိခဲ့ရပြီး ၁၈၈၆ ခုနှစ်တွင် တစ်နိုင်ငံလုံး ကိုလိုနီ ဖြစ်ခဲ့ရသည့် တို့နိုင်ငံကို လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံ ပြန်ဖြစ်ရန် နှစ်ပေါင်း များစွာ ပြန်လည် ကြိုးပမ်း ခဲ့ရကြောင်း၊ တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်သည့် မြန်မာ မျိုးချစ် ခေါင်းဆောင် များသည် နယ်ချဲ့ကို တိုက်ထုတ်ရန် အမျိုးသား တပ်မတော် တစ်ရပ် ထူထောင်ရေး အတွက် နည်းလမ်း မျိုးစုံဖြင့် ခက်ခက်ခဲခဲ ကြိုးစား ခဲ့ကြ ရကြောင်း၊ တပ်မတော်ကို စတင် သန္ဓေတည် ပေးခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ရဲဘော် သုံးကျိပ်သည် တပ်မတော် ဖွဲ့ပြီး ဂျပန်များ နှင့်အတူ နယ်ချဲ့ကို တိုက်ထုတ် နိုင်ခဲ့ပေမယ့် ဖက်ဆစ် လက်အောက်တွင် ညှဉ်းပန်း နှိပ်စက် ခံနေ ရသည့် ပြည်သူလူထု ကို ကယ်တင်ရန် အတွက် တပ်မတော်က ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် သမိုင်းဝင် ဖက်ဆစ် တော်လှန်ရေး ကြီးကို တိုင်းရင်းသား ပြည်သူလူထု နှင့်အတူ လက်တွဲ ဆင်နွှဲခဲ့တာ ဖြစ်ကြောင်း။ ထိုအချိန်က တို့ တပ်မတော်ထဲ တွင် တိုင်းပြည် ချစ်စိတ် ရှိသည့် တိုင်းရင်းသား လူငယ်ပေါင်းစုံ ပါဝင် တိုက်ခိုက် ခဲ့ကြကြောင်း ။ ထို့ကြောင့် တို့ တပ်မတော် သည် မျိုးချစ်စိတ် အပေါ် အခြေခံပြီး လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့် အတူ ပြည်သူကြားက ပေါက်ဖွား လာသည့် ပြည်ထောင်စု တပ်မတော် ဖြစ်သည်ဆိုတာ အခိုင်အမာ ပြောကြား လိုကြောင်း ။

နယ်ချဲ့များ မြန်မာနိုင်ငံကို ကျွန်ပြု အုပ်ချုပ်ခဲ့ ချိန်တွင် သူတို့ ခေါ်လာသည့် လူမျိုးခြားများ ပြဿနာနှင့် သွေးနှော ပြဿနာ များကို ယနေ့တိုင် ရင်ဆိုင် ဖြေရှင်း နေရဆဲ ဖြစ်ကြောင်း။ ဒါ့အပြင် တောင်တန်း ဒေသနှင့် ပြည်မ ခွဲခြား အုပ်ချုပ်ခဲ့ သည့်အတွက် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်မှုများ ၊ စည်းလုံးမှုများ ၊ သဘောထား အမြင်များ ကွဲပြားခဲ့ ကြပြီး ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သည့် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အဟန့် အတားများ ဖြစ်ခဲ့ ရသကဲ့သို့ ယနေ့ထက် တိုင်လည်း တိုင်းရင်းသား များအကြား ချစ်ကြည် စည်းလုံးမှု ခိုင်မာရေးကို အလေးထား ဆောင်ရွက် နေရဆဲ ဖြစ်ကြောင်း။ နယ်ချဲ့၏ သွေးခွဲခဲ့မှု၊ အယူဝါဒ သဘောတရား ရေးရာ ကွဲပြားမှု များကြောင့် လွတ်လပ်ရေး ရပြီးစတွင် စတင် ပေါ်ပေါက် ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခ များကို တပ်မတော်က အသက်ခန္ဓာ အမြောက်အမြား ပေးဆပ်ပြီး ကယ်တင်ခဲ့ ရသကဲ့သို့ ပြည်ပ တရုတ်ဖြူ တပ်များ၏ ကျူးကျော်မှု များကိုလည်း မြန်မာ့ တပ်မတော် ကပဲ ပြည်သူလူထု ပူးပေါင်း ပါဝင်မှုဖြင့် စစ်ဆင်ရေး ကြီးများ ဆင်နွှဲပြီး တိုက်ထုတ်ခဲ့ရကြောင်း။ ထို ကျူးကျော်မှု၏ ဒဏ်ကြောင့် တို့နိုင်ငံ အရှေ့ပိုင်းတွင် ယနေ့ အချိန်ထိ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု နှင့် နောက်ဆက်တွဲ မူးယစ်ဆေးဝါး ပြဿနာသည် အမွေဆိုး အဖြစ် ကျန်ရှိ နေသေးသည်ကို တွေ့ကြရမည် ဖြစ်ကြောင်း ။ တရုတ်ဖြူ ကျူးကျော်မှု ကို တိုက်ဖျက်ပြီး သည့်နောက်တွင် ပြည်တွင်း သောင်းကျန်းမှု ချုပ်ငြိမ်းရေး အတွက် နေရာ ဒေသ တစ်ခုပြီး တစ်ခု မြန်မာ့ တပ်မတော်က ဆောင်ရွက် ခဲ့သည့် စစ်ဆင်ရေးကြီးများ ၊ မော်ကွန်းတင် တိုက်ပွဲကြီး များသည် သမိုင်းကြောင်း တွင် မှတ်တိုင်များ၊ မှတ်ကျောက်များ အဖြစ် အထင်အရှား ရှိနေသည်ကို တွေ့ရမည် ဖြစ်ကြောင်း။

နိုင်ငံတော်၏ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင် ခဲ့သကဲ့သို့ လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ ပြန်လည် ဆုံးရှုံး မခံရရေး အတွက် အရေးကြီးသည့် အလှည့် အပြောင်းတိုင်း တွင် တပ်မတော်သည် နိုင်ငံတော် အတွက် မားမားမတ်မတ် ရပ်ပြီး ပါဝင် ဆောင်ရွက် ပေးခဲ့ ရကြောင်း။ ၁၉၄၉ ခုနှစ်၊ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်များတွင် ဖြစ်ပေါ် ခဲ့သည့် အန္တရာယ် ကြီးမားလှသော အရေးကိစ္စ များတွင် တပ်မတော် သည် နိုင်ငံတော်ကို မဖြစ်မနေ ကာကွယ် စောင့်ရှောက် ပေးခဲ့ရကြောင်း။ ယနေ့ ဒီမိုကရေစီ နိုင်ငံတော် သစ်ဆီ လျှောက်လှမ်းချီ တက်နိုင်ရေး အတွက်လည်း အခြေခံ အဆောက်အအုံ များကို သေချာ တည်ဆောက်ပြီး တည်ငြိမ်သည့် အသွင် ကူးပြောင်းမှု ဖြစ်ရန် စနစ်တကျ စီမံ ဆောင်ရွက် ပေးခဲ့သဖြင့်  မြန်မာနိုင်ငံ ၏ ပြောင်းလဲမှု ပုံစံသည် ထူးခြားသော Model ပုံစံတစ်ခု အဖြစ် နိုင်ငံတကာ က အသိအမှတ် ပြုခံရသည် အထိ ရောက်ရှိခဲ့ခြင်း ပင်ဖြစ်ကြောင်း။ တပ်မတော် အနေဖြင့် စည်းကမ်း တကျရှိသည့် ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေး အတွက် ခိုင်ခိုင်မာမာ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း။ 

'' အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်'' အဖြစ် ဖော်ဆောင် ရာတွင် '' ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး '' ဆိုသည့် ဒို့တာဝန် အရေး သုံးပါးသည် ခိုင်ခိုင်မာမာ တည်ရှိနေရန် လိုအပ်ကြောင်း ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် လည်း  '' နိုင်ငံသား တိုင်းသည် ဒို့တာဝန် အရေးသုံးပါး ကို စောင့်ထိန်းရန် တာဝန်ရှိသည်'' ဟု သတ်မှတ် ပြဋ္ဌာန်း ထားကြောင်း ။ တိုင်းရင်းသား များ စုပေါင်း နေထိုင်သည့် နိုင်ငံတော် တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲလျှင် ပြည်ထောင်စုကြီး ပြိုကွဲသွားမည်၊ တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ဖြစ်ပြီး သူတစ်ပါး တိုင်းပြည်၏ သြဇာခံဘဝ ပြန်ရောက် သွားမည် ဖြစ်ကြောင်း ။ ကမ္ဘာ တည်သရွေ့ မြန်မာနိုင်ငံ ရှင်သန် ရပ်တည်ရေး အတွက် ဒို့တာဝန် အရေးသုံးပါး ကို တိုင်းရင်းသား ပြည်သူများ အားလုံးက အလေးထား ရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်ကို ကာကွယ်နေသည့် တို့ တပ်မတော် ကလည်း နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒအဖြစ် ဦးထိပ် ပန်ဆင်ပြီး နိုင်ငံတော် ပိုင်နက်နယ်မြေ တစ်လက်မပင် မဆုံးရှုံး ရစေရန် ခိုင်ခိုင်မာမာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားကြရန် မှာကြား လိုကြောင်း။ ဒို့တာဝန် အရေးသုံးပါး တည်တံ့ ခိုင်မြဲရေး အတွက် အသက်ခန္ဓာ၊ သွေး၊ ချွေးများကို ခိုင်ကြည် မြင့်မြတ်သည့် စိတ်ဖြင့် ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား ပေးလှူ ထမ်းဆောင် ခဲ့ကြသည့် တပ်မတော်သား အပေါင်းကိုလည်း ချီးကျူး ဂုဏ်ပြု ကြောင်းကို ဒီနေရာက နေ ပြောကြား လိုကြောင်း။

တို့ နိုင်ငံတော် ရေရှည် တည်တံ့ ခိုင်မြဲပြီး ဖွံ့ဖြိုး တိုးတက်ရန် အတွက် အမျိုးသား အကျိုး စီးပွားများကို အလေးထား ဖော်ဆောင် နေကြ ရမည်ဖြစ် သကဲ့သို့ ကာကွယ် စောင့်ရှောက် ကြရမည်လည်း ဖြစ်ကြောင်း။ နိုင်ငံတော်၏ အရေးကိစ္စ များနှင့် အမျိုးသား အကျိုးစီးပွား များကို ကာကွယ် စောင့်ရှောက်ရေး သည် အမျိုးသား လုံခြုံရေး ကိစ္စပင် ဖြစ်ကြောင်း။ နိုင်ငံတော်၏ အမျိုးသား လုံခြုံရေးသည် များစွာ ကျယ်ပြန့်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပံ္ပနှင့် နည်းပညာ၊ သဘာဝ ပတ်ဝန်းကျင် ရေးရာ၊ နိုင်ငံတကာ ဆက်ဆံရေး နှင့် သံတမန်ရေးရာ စသည့် ကဏ္ဍစုံ လုံခြုံမှု ရှိရန် ဆောင်ရွက် ရမည် ဖြစ်ကြောင်း။ အမျိုးသား လုံခြုံရေးနှင့် ဆိုင်သည့် ကဏ္ဍများသည် လူသားတို့ နေ့စဉ်ဘဝ ရှင်သန်မှု ဆိုင်ရာ လူသား လုံခြုံရေး ( Human Security ) မှာပါရှိသည့် လူတစ်ဦးချင်း စီ လုံခြုံမှု၊ လူမှု အဖွဲ့အစည်း လုံခြုံမှု၊ နိုင်ငံရေး လုံခြုံမှု၊ စီးပွားရေး လုံခြုံမှု၊ သဘာဝ ပတ်ဝန်းကျင် လုံခြုံမှု၊ စားနပ်ရိက္ခာ လုံခြုံမှု၊ ကျန်းမာရေး ဆိုင်ရာ လုံခြုံမှု စသည်များနှင့် လည်း ဆက်နွှယ် နေသည်ဖြစ်၍  လူသား လုံခြုံရေး ကိုလည်း အလေးထား ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ။ နိုင်ငံတော် ကာကွယ်ရေး တွင် တပ်မတော်ကို မဏ္ဍိုင်ပြုပြီး ပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက် ရမည် ဖြစ်သကဲ့သို့ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှု များကို တပ်မတော်က လိုအပ်သည့် နေရာမှ ဥပဒေနှင့် အညီ ကူညီ ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း။ တရားဥပဒေ နှင့်အညီ နေထိုင် နိုင်ရေး၊ လူမှုစီးပွား ဘဝများ လုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် တပ်မတော်နှင့် အတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့များက နိုင်ငံတော် အစိုးရနှင့် လက်တွဲ ဆောင်ရွက် ခြင်းဖြင့် အမျိုးသား လုံခြုံရေး နှင့် လူသား လုံခြုံရေး ကဏ္ဍများကို ပိုမို ထိရောက်စွာ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း။  တပ်ရင်း၊ တပ်ဖွဲ့များ တွင် တပိုင်တနိုင် စိုက်ပျိုး မွေးမြူရေးနှင့် တပ်ပိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို စနစ်တကျ အောင်မြင်အောင် လုပ်ဆောင် ခြင်းဖြင့် နိုင်ငံတော်၏ စားနပ်ရိက္ခာ လုံခြုံမှုကို အထောက်အကူ ဖြစ်စေမည် ဖြစ်သကဲ့သို့ နိုင်ငံသား များ၏ ကုန်ထုတ် လုပ်မှု တိုးတက်ရန် အားပေးကူညီ ဆောင်ရွက် ပေးခြင်းသည် စီးပွားရေး လုံခြုံမှုကို အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း။ တို့ နိုင်ငံသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ကူးစက်ရောဂါ များ ကာကွယ် တားဆီးရေး၊ သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး၊ နေ့စဉ်ဘဝ လိုအပ်သည့် အစားအစာ ထုတ်လုပ်နိုင်ရေး၊ သန့်ရှင်းသည့် အစားအစာ ဖြစ်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် တို့တပ်မတော်က နိုင်ငံတော် အစိုးရ၊ ကျွမ်းကျင် အဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်း ဆောင်ရွက် သွားကြရ မည်ဖြစ်ကြောင်း။

၂၁ ရာစု နိုင်ငံတကာ ရေးရာ ပြောင်းလဲမှု များနှင့်အညီ နိုင်ငံများ၏ ကာကွယ်ရေး ကဏ္ဍများ တွင်လည်း များစွာ တိုးတက် ပြောင်းလဲလျက် ရှိကြောင်း။ နိုင်ငံတော် ကာကွယ်ရေး ကဏ္ဍတွင် နိုင်ငံတကာ နှင့် ထိတွေ့ ဆက်ဆံမှု နည်းလမ်း ကိုလည်း ကျင့်သုံး ဆောင်ရွက် ကြရကြောင်း ။ ယနေ့ တို့ တပ်မတော်သည် နိုင်ငံတကာ နှင့် ဆက်သွယ် ဆက်ဆံရာတွင် များစွာ တိုးတက် လုပ်ဆောင် နိုင်ခဲ့ကြောင်း။ အာဆီယံ တပ်မတော် များနှင့် ပူးပေါင်း ဆောင်ရွက် ရမည့် ကဏ္ဍများတွင် အရည်အချင်း ရှိရှိ ပူးပေါင်း ဆောင်ရွက်လျက် ရှိသကဲ့သို့ တို့ တပ်မတော် တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများ ကိုလည်း ထူးခြားေ အာင်မြင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ။ ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်အတွင်း တို့ တပ်မတော်က တာဝန်ယူဆောင်ရွက် ခဲ့သည့် အာဆီယံ တပ်မတော်များ ဆိုင်ရာ အခမ်းအနား များကို အဆင့်အတန်း ရှိရှိ၊ ခမ်းနားစွာ ကျင်းပ ပေးခဲ့ပြီး အာဆီယံ နှင့် နိုင်ငံတကာ အလယ်တွင် တို့ တပ်မတော်၏ ဆောင်ရွက် နိုင်မှုများကို ထင်ရှားစွာ ပြသခဲ့ပြီး ဖြစ်ကြောင်း။

နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် စွမ်းရည် ရှိသည့် တပ်မတော် အဖြစ် ယခုလို ဆောင်ရွက် နိုင်ခြင်းသည် ရှေ့ တပ်မတော် ခေါင်းဆောင် အသီးသီး တို့၏ မှန်ကန်သည့် ဦးဆောင်မှု များကြောင့် ဖြစ်ကြောင်း။ မိမိတို့သည် တပ်မတော် အစဉ်အလာ ကောင်းများကို ဆက်ခံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ။ သမိုင်း အစဉ်အလာ ကောင်းများ၊ စွမ်းရည်များ နှင့် ပြည့်စုံသည့် မိမိတို့ တပ်မတော် သည် တိုင်းရင်းသား ပြည်သူများ၏ သား၊ သမီး များဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု တပ်မတော် ဖြစ်ကြောင်း ။ တို့ တပ်မတော် စတင် ဖွဲ့စည်း ချိန်ကနေ ယနေ့ အချိန်ထိ တိုင်းရင်းသား လူမျိုးပေါင်းစုံ မိမိတို့၏ အသိ စိတ်ဓာတ်ဖြင့် ပါဝင် အမှုထမ်း နေကြသည့် တပ်မတော် ဖြစ်ကြောင်း။ တိုင်းရင်းသား များထဲက တပ်မတော်တွင် ဦးစီးချုပ် တာဝန် ထမ်းဆောင် ခဲ့သည့်သူများ ရှိသကဲ့သို့ တိုင်းမှူး နှင့် အထက် တာဝန် ထမ်းဆောင် နေသူများ ထဲတွင်လည်း တိုင်းရင်းသားများ ပါရှိသည်ကို တွေ့ကြရမည် ဖြစ်ကြောင်း ။ တိုင်းရင်းသား လူမျိုးစုံ အဆင့်တိုင်းတွင် တာဝန် ထမ်းဆောင် နေကြ သကဲ့သို့ ဘယ် တိုင်းရင်းသားဖြစ် မှ၊ ဘယ် ဒေသသား ဖြစ်မှ ရာထူးပေးမယ် ဆိုသည်မျိုး ခွဲခြား ထားခြင်းမရှိဘဲ တပ်မတော်နှင့် နိုင်ငံတော် အပေါ်တွင် သစ္စာစောင့်သိမှု၊ စစ်ရေး၊ နိုင်ငံရေး အသိအမြင် ပြည့်ဝမှု၊ ထက်မြက်သည့် ခေါင်းဆောင်မှု အရည်အချင်း များနှင့် ပြည့်စုံမှုရှိလျှင် တပ်မတော် တွင် အဆင့်မြင့် ရာထူးများ အထိ တာဝန် ထမ်းဆောင်ခွင့် ရကြမည်ပင် ဖြစ်ကြောင်း။ ကမ္ဘာပေါ်တွင် ဘယ်နိုင်ငံ၊ ဘယ် တပ်မတော်မှ မျိုးနွယ်စု လူဦးရေ အချိုးအရ စစ်မှုထမ်းဆောင် စေရမည်၊ ရာထူး နေရာ ပေးရမည် ဆိုသည်မျိုး မရှိကြောင်း ။ ယနေ့ခေတ်လို နည်းပညာ မြင့်မားသည့် ခေတ်ကြီးတွင် ပညာရည် မြင့်မားသည့် ၊ စွမ်းဆောင်ရည် မြင့်မားသည့် အရာရှိ၊ စစ်သည်များ ပိုပြီး လိုအပ်သည့် အတွက်ကြောင့် နိုင်ငံတော် အပေါ် သစ္စာရှိသည့် ကိုယ်ပိုင် အရည်အချင်း မြင့်မားသော လူများသည် ခေတ်သစ် တပ်မတော်တွင် ပိုပြီး ပါဝင်ခွင့် ရလာမည် ပင် ဖြစ်ကြောင်း။

တို့ တပ်မတော်ကို နိုင်ငံတကာ ခေတ်မီ တပ်မတော် များနှင့် ရင်ပေါင်တန်း နိုင်ရန် တပ်မတော် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကို စီမံချက် ချမှတ် လုပ်ဆောင် လျက်ရှိကြောင်း ။ စစ်သည် များကို လက်ရုံးရည် ရော နှလုံးရည်ပါ ပြည့်ဝနေရန် လေ့ကျင့် ပေးလျက် ရှိရာတွင် စစ်သည်များ၏ ပညာရည် မြင့်မားရေးကို အလေးထား ဆောင်ရွက် ပေးလျက် ရှိကြောင်း ။ မဟာဘွဲ့ ရများနှင့် မဟာ အဆင့်မီ ပညာ အရည်အချင်း ရှိသည့် အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁)ကို မကြာသေးခင် ကာလက ဖွင့်လှစ် လေ့ကျင့် ပေးခဲ့ကြောင်း။ ထို့အပြင် ပြည်တွင်း နှင့် ပြည်ပ များတွင် မဟာနှင့် ပါရဂူ အဆင့် ရှိသည့် အတတ်ပညာ များကို ဆက်လက် လေ့ကျင့် သင်ကြား စေလျက် ရှိကြောင်း။ တပ်မတော် ၏ စွမ်းရည် မြှင့်တင်ရေးတွင် တပ်မတော်သား များ၏ ပညာရည် မြင့်မားရေး သာမက ကျန်းမာကြံ့ခိုင်မှု များနှင့် ပြည့်စုံ နေရန်လည်း လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း။ ကျန်းမာမှ ကြံ့ခိုင်မည်၊ ကြံ့ခိုင်မှ အလုပ်လုပ် နိုင်မည်၊ အလုပ် လုပ်နိုင်မှ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် နိုင်မည်ဆိုသည့် ခံယူချက်ကို တပ်မတော် သား အားလုံး ခံယူ လိုက်နာပြီး စစ်သည် တစ်ဦးချင်းက ကိုယ်စီ အသိစိတ်ဖြင့်၊ တပ်မှူး လုပ်သူများက ခေါင်းဆောင်မှု အသိဖြင့် မိမိတပ် ကျန်းမာ ကြံ့ခိုင်မှု ပြည့်ဝနေရန် အလေးထား လုပ်ဆောင် ကြရန် မှာကြား လိုကြောင်း။

တို့ တပ်မတော်၏ တပ် အသီးသီး စုဖွဲ့ ထားမှုသည် မြန်မာ့ နိုင်ငံရေး ပထဝီအနေ အထားနှင့် အခြေအနေ အရပ်ရပ်တို့ အပေါ် မူတည်ပြီး အကောင်းဆုံး စုဖွဲ့ထားခြင်း ဖြစ်ကြောင်း။ တပ်ရင်း၊ တပ်ဖွဲ့များတွင် တာဝန် ထမ်းဆောင် နေကြသည့် စစ်သည်များ သည် နိုင်ငံ၏ ဒေသ အသီးသီးက တိုင်းရင်းသား ညီအစ်ကိုများ ဖြစ်သကဲ့သို့ ဇနီး ရဲမေများ သည်လည်း တိုင်းရင်းသူ များပင် ဖြစ်ကြောင်း။ စစ်သည်များက ညီရင်း အစ်ကို စိတ်ဓာတ် ဖြင့်၊ ဇနီး ရဲမေများက ညီအစ်မ စိတ်ဓာတ်၊ တို့ အားလုံး မိသားစု စိတ်ဓာတ်များဖြင့် စည်းစည်း လုံးလုံး နေထိုင်ကြခြင်း ဖြစ်ကြောင်း။ တပ်၏ လုပ်ငန်းများ တွင် မိသားစုများ ကလည်း ပါဝင် ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည် များ အားလုံး၏ ဇနီး ရဲမေများက နိုင်ငံတော် ကာကွယ်ရေး အရန် အင်အားစုများ အဖြစ်နှင့် စစ်ပညာ များကိုပါ သင်ကြား လေ့ကျင့် ထားကြကြောင်း။ ယခုလို စည်းလုံး ခိုင်မာစွာ စုဖွဲ့ထားသည့် တို့ တပ်မတော်၏ စုဖွဲ့ပုံ၊ လုပ်ဆောင်ပုံ များသည် နိုင်ငံတော် ကာကွယ်ရေး အတွက် ခိုင်မာသည့် အင်အားများ ကို ဖြစ်ပေါ် စေကြောင်း။ တပ်မှူး တာဝန်အရ ခေါင်းဆောင်မှု အပြင် တပ်၏ အမိအဖ အနေဖြင့်ပါ ဦးစီး ဦးဆောင်မှု သည် တို့ တပ်မတော်၏ ထူးခြားသော ပုံစံဖြစ်၍ ကွပ်ကဲမှု ပုံစံကို အကောင်းဆုံး ဆက်လက် ကျင့်သုံး ဖော်ဆောင် သွားကြရန် မှာကြား လိုကြောင်း။

'' နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် တပ်မတော် တွင် အဓိက တာဝန် ရှိသည် '' ဟု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်း ထားကြောင်း။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲ ရာတွင် အမျိုးသား ညီလာခံက အခြေခံမူ ၁ဝ၄ ချက် ချမှတ်ပြီး ၄င်း အပေါ်တွင် အခြေခံ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း။ ၂ဝဝ၈ ခုနှစ် လူဦးရေ ၅၇.၃ သန်းတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၇.၂၈ သန်း အနက် မဲပေးသူ ၂၆.၇ သန်း ထဲက ၂၄.၇၆ သန်းက ထောက်ခံ ဆန္ဒမဲ ပေးခဲ့သည့် အတွက် (၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံ အတည်ပြု ခဲ့ခြင်း ဖြစ်ကြောင်း။ လူပုဂ္ဂိုလ် တစ်ဦးချင်း အတွက်၊ ပါတီ တစ်ခု အတွက်၊ အဖွဲ့အစည်း တစ်ခု အတွက်၊ တိုင်းရင်းသား လူမျိုးစု တစ်ခု အတွက်၊ တပ်မတော် အတွက် ရေးဆွဲ ပြဋ္ဌာန်း ခဲ့ခြင်း မဟုတ်ကြောင်း။ ထို့ကြောင့် ထောက်ခံ ဆန္ဒမဲပေးသူ (၉၂.၄၈) ရာခိုင်နှုန်း၏ ဆန္ဒကို လေးစား ရမည် ဖြစ်ကြောင်း။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်ပြီး အခြေခံ ဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမူ များနှင့် အခန်း(၈) နိုင်ငံသား၊ နိုင်ငံသား များ၏ မူလ အခွင့်အရေး နှင့် တာဝန်များ တွင် လက်ရှိ ဒီမိုကရေစီ လိုအပ်ချက် များနှင့် သဟဇာတ ဖြစ်ရန် ပြဋ္ဌာန်း ထားပြီး ဖြစ်သည့် အပြင် အခြေခံ ဥပဒေ ပုဒ်မ ၁၁(က) တွင်လည်း နိုင်ငံတော် ၏ အချုပ် အခြာ အာဏာ ခက်မ သုံးဖြာ တို့ကို တတ်နိုင် သ၍ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ ပြဋ္ဌာန်း ထားသည်ကို တွေ့ရကြောင်း။ အချုပ်အခြာ အာဏာ ခက်မ သုံးဖြာကို နည်းလမ်း တကျ ပိုင်းခြား သုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်း ခြင်းကို အဟန့်အတား ဖြစ်မည့် ကိစ္စများ၊ အခြေအနေ အချိန်အခါ အရ အခြေခံ လိုအပ်ချက် များနှင့် သဟဇာတ မဖြစ်သည် များရှိလာခဲ့၍ ပြင်ဆင်ရန် လိုအပ်လာလျှင် လည်း အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်းတွင် ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း။ အဓိက လိုအပ်ချက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၉(က)နှင့် အညီ တိုင်းဒေသကြီး နှင့် ပြည်နယ်များ အတွက် ခွဲဝေ ပေးထားသည့် ဥပဒေပြု စာရင်းနှင့် အခွင့်အရေး များကို ညီညွတ် မျှတရန် ဆောင်ရွက် ပေးနိုင်ရေး ပင် ဖြစ်ကြောင်း။ 

နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ကို ဖော်ဆောင်ရာတွင် ဆင်းရဲချမ်းသာ ကွာဟမှု၊ ကျေးလက် နှင့်မြို့ပြ ဖွံ့ဖြိုးမှု ကွာဟမှု၊ ဒေသတစ်ခု နှင့်တစ်ခု ဖွံ့ဖြိုးမှု ကွာဟမှုများ ကျဉ်းမြောင်း စေရန် ဆောင်ရွက်လျက် ရှိရာ ကျေးလက် ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကို သမ္မတကြီး ဦးဆောင်သည့် နိုင်ငံတော် အစိုးရက အထူး အလေးထား ဆောင်ရွက်လျက် ရှိကြောင်း။ မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆ဝ တွင် ကျေးလက်နေ ပြည်သူ ၇ဝ ရာခိုင်နှုန်း ကျော်ရှိပြီး ဆင်းရဲ နွမ်းပါးမှုနှုန်း ၂၆ ရာခိုင်နှုန်း ရှိကြောင်း။ ပြည်သူများ ၏ အဓိက စီးပွားရေး လုပ်ငန်းသည် စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနှင့် နှီးနွှယ်သည့် လုပ်ငန်းများ သာဖြစ်ကြောင်း။ ထို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကို အားသွန် ခွန်စိုက် ကူညီ ဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း။ မြန်မာနိုင်ငံ တွင် မြို့နယ်ပေါင်း ၃၃ဝ နှင့် မြို့နယ်ခွဲ ပေါင်း ၈၄ ခု ရှိသည့် အနက် ဝေးလံေ ခါင်းပါးသော မြို့နယ် ၅၆ ခုနှင့် မြို့နယ်ခွဲ ၄၄ ခု၊ နိုင်ငံ တစ်ခုလုံး၏ ၂၆ ရာခိုင်နှုန်း တွင် လူဦးရေ ၄၅ သိန်းကျော်၊ နိုင်ငံ့ လူဦးရေ၏ ၇ ရာခိုင်နှုန်း ကျော် နေထိုင်လျက် ရှိသော်လည်း ဆင်းရဲ နွမ်းပါးမှုနှုန်း ပိုမို များပြားပြီး သာမန် စိုက်ပျိုးရေး လုပ်ငန်းများ နှင့် အသက်ရှင် ရပ်တည် နေသည်ကို တွေ့ရမည် ဖြစ်ကြောင်း။ ထိုသို့ ဝေးလံ ခေါင်းပါးသည့် အရပ်တွင် ရှိသော ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ထိုဒေသ များတွင် ရောက်ရှိ တာဝန် ထမ်းဆောင် နေသော တပ်မှူးများ နှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် များသည် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး အလေးထား ကူညီ ဆောင်ရွက် ပေးရမည်ဖြစ် သလို ထိုဒေသ များသည် နယ်စပ်များ တွင် ရှိသောကြောင့် အမျိုးသား လုံခြုံရေး အမြင်နှင့် လည်း ထိရောက်သော ကာကွယ် စောင့်ရှောက်မှု များ ဖြည့်ဆည်း ဆောင်ရွက် ပေးရန် မှာကြား လိုကြောင်း။

တို့နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ ကျန်ခဲ့ရသော အဓိက အချက်သည် နိုင်ငံတော် အတွင်း အေးချမ်း တည်ငြိမ်မှု နည်းပါးပြီး လက်နက်ကိုင် ပဋိပက္ခ များကြောင့် ဖြစ်ကြောင်း။ တို့နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီး ချိန်မှစ၍ လူမျိုးရေး၊ ဘာသာရေး၊ အယူ ဝါဒရေးများ အရ စတင် ပေါ်ပေါက် ခဲ့သော နှစ်ပေါင်း ၆ဝ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ များကြောင့် အဖက်ဖက်မှ ဖွံ့ဖြိုးမှု နောက်ကျ ခဲ့ရကြောင်း။ လက်နက်ကိုင် ပဋိပက္ခ များကြောင့်ပင် နိုင်ငံနှင့် အနှံ့အပြား အခြေခံ အဆောက်အဦ ပျက်စီး ဆုံးရှုံးမှုများ ကြီးမား ခဲ့ရသဖြင့် ပြန်လည် ထူထောင်ရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း တည်ငြိမ် အေးချမ်းမှု မရှိသည့် အတွက် အချိန် ကြန့်ကြာမှု များနှင့် ရင်ဆိုင်ခဲ့ ရကြောင်း။ နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုဘဝ တိုးတက် မြင့်မားရေး အတွက် စီးပွားရေး ပတ်ဝန်းကျင် အခြေခံကောင်းများ ဖန်တီးပေးရန် လိုအပ်သကဲ့သို့ စီးပွားရေး ပတ်ဝန်းကျင် အခြေခံကောင်း များကိုလည်း တည်ငြိမ် အေးချမ်းမှုရှိမှသာ ဖန်တီးနိုင်မည် ဖြစ်ကြောင်း။ ကမ္ဘာပေါ်တွင် ရှိသည့် မည်သည့် ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံ ဖြစ်စေကာမူ အကြမ်းဖက်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကို လုံးဝ လက်မခံသည် ကို တွေ့ရကြောင်း။ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် လက်ရှိ ဒီမိုကရေစီ စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော တို့နိုင်ငံအတွက် အလွန် အရေးကြီးသည့် လိုအပ်ချက် တစ်ခုဖြစ်ကြောင်း။ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန် ဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတိုင်း အဆင့်ဆင့် လိုက်နာဆောင်ရွက် သွားရန် လိုအပ်သကဲ့သို့ အရေးအကြီးဆုံး အချက်မှာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးပဲ ဖြစ်ကြောင်း။ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာ မဆောင်ရွက်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင်ရွက်နေလျှင် သဘောထားမ တိုက်ဆိုင်မှု များကြောင့် မလိုအပ်ဘဲ အချိန် ကြန့်ကြာ နိုင်သလို နဂိုရရှိပြီးသား ညှိနှိုင်း သဘော တူညီမှုများပါ ပျက်ပြယ် သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခများ ဆီကိုသာ ပြန်လည် ဦးတည်နိုင်မည် ဆိုသည်ကို သတိထားရ မည်ဖြစ်ကြောင်း။ ထို့ကြောင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ဥပဒေနှင့် အညီ ဖြစ်စေရေးသည် အရေးကြီးသည့် အတွက် မဖြစ်မနေ အကောင် အထည်ဖော် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း။ ဆက်လက်၍ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ပြည်ထောင်စုသား အားလုံးနှင့် တက်ညီလက်ညီ လက်တွဲပြီး ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းရင်းသားများ စည်းလုံး ညီညွတ်ရေး သည် နိုင်ငံအတွက် အလွန် အရေးကြီးသည့် ကိစ္စရပ်များ ဖြစ်ကြောင်း။ ထို့ကြောင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေသည့် အထင်အမြင် လွဲမှားအောင် ရေးသားမှု၊ ပြောဆိုမှုများသည် ထာဝရ ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေမည်ဆိုတာ သတိထားရန် လိုအပ် သကဲ့သို့ မိမိကိုယ်ကျိုး စီးပွား အတွက် နိုင်ငံတော်၏ ရှေ့ရေးကို လျစ်လျူရှုသည့် လုပ်ရပ်များကို အမြင် ကျယ်ကျယ် ရှုမြင်သုံးသပ် ရှောင်ရှားကြရန် တိုက်တွန်း လိုကြောင်း။

နိုင်ငံ့ အကြီးအကဲ၊ တပ်မတော် အကြီးအကဲ များသည် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အလေးထား ကြသကဲ့သို့ ပြည်သူလူထု အပေါ်တွင်လည်း အမိအဖ သဖွယ် အလေးထား ခဲ့ကြသည်ကို သူတို့၏ မိန့်ခွန်းများတွင် တွေ့ရှိကြရမည် ဖြစ်ကြောင်း။ ဗိုလ်ချုပ် အောင်ဆန်းက ၁၉၄၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းတွင်'' တိုင်းပြည် လူထုဟာ တိုင်းရင်းသား အချင်းချင်းနှင့် အမြဲ ညီညွတ်အောင် ကြိုးစားဖို့ လိုတယ်၊ တိုင်းရင်းသား လူထုဟာ ဒီလိုလူထု ညီညွတ်မှုနဲ့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ဖို့လိုတယ် '' ဟု မိန့်ကြားခဲ့ပြီး ဗိုလ်ချုပ်ကြီး နေဝင်း ကလည်း ၁၉၆၄ ခုနှစ် (၁၇) နှစ်မြောက် ပြည်ထောင်စုနေ့ မိန့်ခွန်းတွင် '' တိုင်းရင်းသား လူမျိုး အသီးသီးတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံအား စီးပွားရေး၊ လူမှုရေး တို့ သာယာ ဝပြော၍ တည်တံ့ စည်းလုံး ခိုင်မြဲသော နိုင်ငံတစ်ခု တည်ထောင်ရာ တွင် တိုင်းရင်းသား လူမျိုးအားလုံး တို့၏ ချစ်ကြည်ရေး၊ သွေးစည်း ညီညွတ်ရေး သည် အခြေခံ လိုအပ်ချက်ကြီး ဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးတိုင်းက လက်ခံ ယုံကြည်ထားရန် လိုအပ်ပါသည် '' ဟု မိန့်ကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ၁၉၉၆ ခုနှစ် မတ်လ ၂၅ ရက်နေ့ ပဲခူးတိုင်း နတ်တလင်း မြို့နယ် တောင်ညို ရေလှောင်တမံ ဖွင့်ပွဲ အခမ်းအနားတွင် '' တိုင်းပြည်ကို ထူထောင်ရာတွင် နိုင်ငံတော် အစိုးရ ကလည်း ပြည်သူလူထု၏ အကျိုးစီးပွား အတွက် နေ့ညမဟူ အားကြိုး မာန်တက် အလုပ်လုပ်ပြီး တပ်မတော် ကလည်း နိုင်ငံတော် ကာကွယ်ရေး တာဝန်သာမက ပြည်သူလူထု၏ အကျိုးစီးပွားကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ကာ ပြည်သူလူထု ကလည်း တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက် ကြပါက တိုင်းပြည်တိုးတက် လာမည် ဖြစ်ကြောင်း'' မိန့်ကြား ခဲ့ခြင်းများကို ကြည့်လျှင် မိမိတို့၏ ခေါင်းဆောင် များသည် ပြည်သူလူထုကို အလေးထား သကဲ့သို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကိုလည်း အထူး အလေးထား ကြောင်းကို တွေ့ရှိရမည် ဖြစ်ကြောင်း။

ထို့ကြာင့် ပြည်သူကြားက ပေါက်ဖွား လာသည့် တပ်မတော်သား များအနေနှင့် လည်း ပြည်သူလူထုကို အမိအဖ သဖွယ် သဘောထားပြီး နိုင်ငံတော် ထာဝရ ငြိမ်းချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရေးတွင် ပြည်သူလူထု နှင့်အတူ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက် သွားကြရန် မှာကြား လိုကြောင်း။

တပ်မတော်သည် လွတ်လပ်ရေး ရပြီးချိန် မှစ၍ ပြည်တွင်း၊ ပြည်ပ အန္တရာယ် များအား တိုက်ခိုက် ချေမှုန်းလျက် တပ်များ၏ တပ် တည်ဆောက်ရေး လုပ်ငန်းများကို တစ်ပါတည်း လုပ်ဆောင်ခဲ့၍ ယနေ့ တပ်မတော်၏ အနေအထား သည် နိုင်ငံတကာ အလယ်တွင် ခိုင်ခိုင်ခန့်ခန့် ရပ်တည် နေနိုင်ခြင်း ဖြစ်ကြောင်း။ ထို့ကြောင့် ဘယ်လို အခြေအနေ အချိန်အခါ တွင်ဖြစ်စေ တို့တပ်မတော်ကို တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်နှင့် အညီ ခိုင်မာနေရန် တည်ဆောက် နေကြရမည် ဖြစ်ကြောင်း။

လေ့ကျင့်ရေးသည် တပ်တည်ဆောက် ရေးတွင် အဓိကကျသည့် လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း။ နိုင်ငံတကာ တွင်လည်း မိမိတို့နိုင်ငံ၏ တပ်မတော် စွမ်းရည် ထက်မြက်အောင် လေ့ကျင့်ခန်းကြီးများ ဆောင်ရွက်လျက် ရှိကြောင်း။ စစ်လက်ရုံး တစ်ခုချင်း အလိုက် သီးခြားစီ လေ့ကျင့် ဆောင်ရွက် သကဲ့သို့ မတူညီသော သဘာဝရှိသည့် လက်ရုံးတပ်ဖွဲ့များကို ပေါင်းစပ်ပြီးလည်း လေ့ကျင့်လျက် ရှိကြောင်း။ နိုင်ငံအလိုက် တပ်မတော်များ ပူးပေါင်းပြီး တော့လည်း သူတို့နှင့် ပတ်သက် ဆိုင်ရာ နယ်မြေအလိုက် လေ့ကျင့် နေသည်ကို တွေ့ရကြောင်း။ တို့ တပ်မတော် အနေနှင့်လည်း ကျည်စစ် ကျည်မှန် များ အသုံးပြုပြီး လက်ရုံးတပ်ဖွဲ့များ ပေါင်းစပ် လေ့ကျင့်ခြင်းကို အခါ အားလျော်စွာ ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း။ အခြေခံ လေ့ကျင့်ခန်း မှစပြီး မဟာဗျူဟာ လေ့ကျင့်ခန်းများ အထိ စဉ်ဆက်မပြတ် လေ့ကျင့် ဆောင်ရွက်ပြီး စစ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည် များကို တိုးတက်နေရန် ဆောင်ရွက် သွားရ မည်ကြောင်း။ 

တပ်တွေ၏ လေ့ကျင့်မှုများ မှန်ကန်မည်၊ အုပ်ချုပ် ထောက်ပံ့မှုများ ကောင်းမွန် မည်၊ သက်သာ ချောင်ချိရေး ဆောင်ရွက် ပေးမှုများ ပြည့်ဝ နေမည်ဆိုလျှင် စစ်သည် မိသားစုများ၏ တပ်ရင်း၊ တပ်ဖွဲ့များ အပေါ် ခင်မင် တွယ်တာမှု၊ တပ်မတော် အပေါ် လေးစား ယုံကြည် အားကိုးမှု၊ တပ်မတော်နှင့် နိုင်ငံတော် အတွက် စွန့်လွှတ် အနစ်နာခံလိုမှု စသည့် စိတ်ဓာတ် ကောင်းများ ပိုမိုတိုးတက် ဖြစ်ပေါ်လာပြီး နိုင်ငံတော်က အားထားရ သော စွမ်းရည် ထက်မြက် ခိုင်မာသည့် တပ်မတော်အဖြစ် အစဉ် ရပ်တည် နေနိုင်မှာ ဖြစ် ကြောင်း။ ထို့ကြောင့် တပ်မတော်၏ စည်းလုံး ညီညွတ်မှု ပိုမိုခိုင်မာရန် တပ်တည် ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်နှင့်အညီ တည်ဆောက် သွားကြရန် အလေးအနက်မှာ ကြားလိုကြောင်း။

နိဂုံးချုပ် အနေဖြင့် မှာကြားလိုသည် ကတော့ တို့တပ်မတော်၏ သမိုင်းအစဉ် အလာတွေ ပိုမို ထွန်းတောက်စေရန် (၆၉)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ ဖြစ်သည့်-
  • (က) ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေး မူဝါဒအဖြစ် ဦးထိပ် ပန်ဆင်၍ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး။
  • (ခ) နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး အခန်းကဏ္ဍ တွင် နိုင်ငံတော် အစိုးရ၊ တပ်မတော် နှင့် ပြည်သူ တစ်ရပ်လုံးတို့ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေး။
  • (ဂ) နိုင်ငံတော် အစိုးရ၏ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် အကောင် အထည်ဖော် ဆောင်မှု၌ တစ်တပ်တစ်အား ဝိုင်းဝန်း ကူညီဆောင်ရွက်ရေး။
  • (ဃ) ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် စုစည်း ညီညွတ်သော ပြည်ထောင်စုကို အခြေခံ၍ တည်ငြိမ် အေးချမ်းမှုမှ သည် ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရာ၌ တက်ကြစွာ ပူးပေါင်း ဆောင်ရွက်ရေး


ဆိုသည့် ဦးတည်ချက်များ နှင့်အညီ ဆက်လက် ထမ်းဆောင် သွားကြရန် တိုက်တွန်း မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် မျိုးဇော်သိမ်း ဦးဆောင်သော စစ်ကြောင်း ကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဗိုလ်မှူးကြီး မျိုးသန့် ဦးဆောင်သော ယန္တရား တပ်ဖွဲ့များက အစီအစဉ် အတိုင်း စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြု ကြသည်။

ထိုသို့ ချီတက် အလေးပြု ချိန်တွင် ဒုတိယ ဗိုလ်မှူးကြီး ဇော်လင်းစိုး ဦးဆောင် သော စွန်ရဲအုပ်ဖွဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးမှ နိုင်ငံတော်အလံ ချိတ်ဆွဲ ပျံသန်းပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးက ဘေးမှ လိုက်ပါခြံရံ ပျံသန်း၍ လည်းကောင်း၊ ဗိုလ်မှူး မျိုးမင်းဦး ဦးဆောင်သော ကြိုးကြာအုပ်ဖွဲ့ သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် ၃ စီးက တပ်မတော် (ကြည်း၊ ရေ၊လေ) အလံများ အသီးသီး ချိတ်ဆွဲပြီး ပျံသန်း၍ လည်းကောင်း၊ ဗိုလ်မှူး မင်းအောင် ဦးဆောင်သော အာကာ အုပ်ဖွဲ့ တိုက်ခိုက်ရေး လေယာဉ် ၃ စီးက အုပ်ဖွဲ့ပျံသန်း၍ လည်းကောင်း၊ ဒုတိယ ဗိုလ်မှူးကြီး ခွန်စိုင်းကို ဦးဆောင်သော ရဲမာန် အုပ်ဖွဲ့ တိုက်ခိုက်ရေး လေယာဉ် ၅ စီးက မြှားဦးသဏ္ဍာန် မောင်းနှင်ကာ Smoke Trail များ ပစ်လွှတ်ပြီးပျံသန်း၍ လည်းကောင်၊ ဒုတိယဗိုလ်မှူးကြီး မောင်မောင်စိုး ဦးဆောင်သော သူရိန်အုပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ် ၅ စီးက မြှားဦးသဏ္ဍာန် ဖြင့် အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ ဗိုလ်မှူး ခိုင်လင်းထူး ဦးဆောင်သော သီဟအုပ်ဖွဲ့ ဗုံးကြဲလေယာဉ် ၃ စီးက အုပ်ဖွဲ့ပျံသန်း ၍လည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီး ဖြိုးဝေလင်း ဦးဆောင်သော ရာဇာအုပ်ဖွဲ့ ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ၅ စီးက မြှားဦးသဏ္ဍာန်ဖြင့် အုပ်ဖွဲ့ပျံသန်း၍ လည်းကောင်း၊ ရဲမာန်အုပ်ဖွဲ့ တိုက်ခိုက်ရေးလေယာဉ် ၅ စီးက Smoke Trail များပစ်လွှတ်၍ Fan Break ခေါ် ယပ်တောင်ပုံစံ ခွဲထွက် ပျံသန်း၍ လည်းကောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အလေးပြု ပျံသန်း ကြသည်။



ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် စစ်ရေးပြ ကွင်းကြီးမှ ပြန်လည် ထွက်ခွာသွားပြီး ၂ဝ၁၄ ခုနှစ် (၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို  နံနက်(၈)နာရီ (၄၅)မိနစ်တွင် ရုပ်သိမ်း လိုက်သည်။

၂ဝ၁၄ ခုနှစ် (၆၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ ကျင်းပသော နေပြည်တော် စစ်ရေးပြ ကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာ နိုင်ငံတော် တို့ကို တည်ထောင် ခဲ့ကြသော အနော်ရထာ၊ ဘုရင့်နောင် နှင့် အလောင်းဘုရား မင်းတရားတို့၏ ကြေးရုပ်တုကြီး (၃)ခုကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၆၉) နှစ်မြောက် တပ်မတော်နေ့ တံတိုင်း ဆိုင်းဘုတ်ကြီး ကိုလည်းကောင်း၊ ဝင့်ထည်စွာ တွေ့မြင် နိုင်သည့်အပြင် ဗမာ့ လွတ်လပ်ရေး တပ်မတော် အလံ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် အလံ၊ တပ်မတော် (ကြည်း၊ရေ၊လေ) အလံများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ညွှန်ကြားရေးမှူးရုံး အလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်း တပ်ဖွဲ့များ၏ အမှတ် တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြ သည်တို့ကိုလည်း တွေ့မြင် နိုင်သည်။ 

ထို့အပြင် (၆၉)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြုသော အားဖြင့် စုရပ် သစ်တပ် စစ်ရေးပြကွင်း အနီးရှိ ရန်ကုန် - မန္တလေး ကားလမ်းမနှင့် ပင်လောင်း လမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှု ပုံရိပ်များကို ဖော်ကြူး ထားသော ပိုစတာကြီး များကို လည်းကောင်း၊ စစ်ကြောင်း ကြီးများ ချီတက်ရာ လမ်းတစ်လျှောက် တွင် ဒို့တာဝန် အရေးသုံးပါး၊ ပြည့်အင်အား သည် ပြည်တွင်းမှာသာ ရှိသည်၊ လူထုအားကို အများကြီး လိုသည်၊ တပ်မတော်ကြီး ကို အင်အားရှိအောင် အရာရာမှာ ကူညီ၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် စသည့် တပ်မတော်၏ ဆောင်ပုဒ် စာတန်းပါ ဆိုင်းဘုတ် များကို လည်းကောင်း၊ တပ်နှင့်ပြည်သူ မြဲကြည်ဖြူ သွေးခွဲလာသူ ဒို့ရန်သူ၊ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်၊ သစ္စာလေးလီ ဦးထိပ်တည် စွမ်းရည် သုံးရပ် ကျေပွန်အပ်၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ စသည့်  အဝတ်ပိတ်စ စာတန်းများ ကိုလည်း ချိတ်ဆွဲ ထားကြောင်း သတင်းရရှိသည်။     

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger