www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 31, 2014

ဆေးလိပ်က စလိုက်ကြရအောင်



ဆေးလိပ်က စလိုက်ကြရအောင်

ပန်းတောင်း သန်းကြွယ်

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက် အရ နှစ်စဉ် လူဦးရေ ၅ သန်းကျော်သည် ဆေးလိပ် နှင့် ဆေးရွက်ကြီး သုံးစွဲမှု မှ ဖြစ်ပေါ်သည့် ရောဂါ များကြောင့် သေဆုံးလျက် ရှိကြောင်း သိရသည်။

တစ်နေ့လျှင် လူ ၁၅၀၀၀ သည် ဆေးလိပ် နှင့် ဆေးရွက်ကြီး အန္တရာယ် ကြောင့် သေဆုံး နေသည်။ ဆေးလိပ် သောက်သူ နှစ်ဦးတွင် တစ်ဦးသည် ဆေးလိပ် နှင့် ဆေးရွက်ကြီး အန္တရာယ် ကြောင့် သေဆုံး နေသည်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရိုက် ခြင်းကြောင့် နှစ်စဉ် ကလေးများ အပါအ၀င် ဆေးလိပ် မသောက်သူ လူဦးရေ ၆၀၀၀၀၀ ကျော် အသက် ဆုံးရှုံး နေရကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဖော်ပြ ထားသည်။

ဆေးလိပ် သောက်ခြင်း ၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူမိခြင်း တို့ကြောင့် နှလုံး သွေးကြောကျဉ်း ရောဂါ ၊ အဆုတ်နာ တီဘီရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ အများဆုံး ဖြစ်ပေါ်လေ့ ရှိသည်။ အသက် အန္တရာယ် ကို ပေးနိုင်သော ရောဂါများ အပြင် ဆေးလိပ် သောက်ခြင်းကြောင့် ငွေကုန် ကြေးကျများခြင်း ၊ ခံတွင်းနံ့ ဆိုးဝါးခြင်း ၊ ဆီးနံ့ ဆိုးဝါးခြင်း နှင့် ချွေးနံ့ ဆိုးဝါး ပြင်းထန်ခြင်း တို့ကိုပါ ပူးတွဲ ခံစား ရသည်။

မည်သည့် ရှုထောင့်မှ ကြည့်ကြည့် အကျိုးအမြတ် မရှိဘဲ အဆိုးရလဒ် ကိုသာ ပေးတတ်သော ဆေးလိပ် သောက်ခြင်းကို လူတိုင်း ရှောင်ကြဉ် သင့်သည်။ ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့်လည်း ဆေးလိပ်၏ မကောင်းကျိုး ဆိုးပြစ် များကို ပြည်သူတို့ သိရှိ သဘောပေါက် စေပြီး ရှောင်ကြဉ် နိုင်ကြစေရန် ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက် လုပ်ကိုင်လျက် ရှိသည်။

မြန်မာနိုင်ငံသည် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်လည်း ဖြစ်သည်။ ကွန်ဗင်းရှင်းပါ အချက်များကို အခြေခံသည့် ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲမှု ထိန်းချုပ်ရေး လုပ်ငန်းများကို အကောင် အထည်ဖော်ရန် အတွက် နိုင်ငံတော် အစိုးရသည် ၂၀၀၆ ခုနှစ် မေလ ၄ ရက်တွင် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်း ခဲ့သည်။

ဥပဒေ ပြဋ္ဌာန်း ခဲ့သည်မှာ ၇ နှစ်ပင် ကျော်ခဲ့ပြီ ဖြစ်သော်လည်း ဆေးလိပ် ကြော်ငြာများ နှင့် အရောင်းမြှင့်တင်မှု ပုံစံ အမျိုးမျိုး ကို တွေ့ရှိ နေရဆဲ ဖြစ်ပြီး အခြေခံ ပညာကျောင်းများ အနီးတွင် ဆေးလိပ်များ ရောင်းချ နေသည်ကို တွေ့ရှိရကြောင်း ၊ ထို့ကြောင့် ဥပဒေ အချက်များကို ပြည်သူလူထု အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည် သဘောပေါက်အောင် ပညာပေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ် နေသေးကြောင်း နှင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ရန်လည်း လိုအပ် နေသေးသည်ကို တွေ့ရပါကြောင်း ၊ ယနေ့ ဆွေးနွေးပွဲတွင် ဥပဒေကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက် နိုင်မည့် နည်းလမ်းများ ၊ နည်းဥပဒေတွင် ထည့်သွင်း သင့်သည့် အချက်များ ၊ နှီးနွှယ် ဆက်စပ်သည့် ၀န်ကြီးဌာန အသီးသီးက ပူးပေါင်း၍ ဆောင်ရွက် နိုင်မည့် လုပ်ငန်းများ ၊ လုပ်ဆောင် ရမည့် လုပ်ငန်းများ ကို ၀ိုင်းဝန်း ဆွေးနွေး အကြံပြု ပေးကြစေလို ကြောင်းဖြင့် စက်တင်ဘာလ ၂၅ ရက်က ပြုလုပ်သော ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ၌ ဒုတိယ ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေး က အမှာစကား ပြောကြား ခဲ့သည်။ အများပြည်သူ တို့နှင့် သက်ဆိုင်သော ပြည်သူ့ ဆေးရုံများ ၊ ပုဂ္ဂလိက ဆေးရုံများ ၊ ဆေးခန်းများ ၊ ရုပ်ရှင်ရုံများ ၊ ကုန်တိုက်များ ၊ စတိုးဆိုင်များ စသည်တို့တွင် ဆေးလိပ် သောက်သုံးမှုကို သတိပေး စာတန်းများဖြင့် တားမြစ် ထားရာ အောင်မြင်လျက် ရှိသည်။

သို့သော် မီးရထား နှင့် ဘတ်စ်ကား များပေါ်၌မူ အချို့မှာ သောက်နေဆဲ ဖြစ်သည်။ ခရီးသည် ပို့ဆောင်ရေး ကားကြီးများ ပေါ်တွင် ခရီးသည်များ ဆေးလိပ် သောက်သုံးမှု မတွေ့ရ သလောက် ရှိနေသော်လည်း ယာဉ်မောင်း ဆရာ နှင့် စပယ်ယာ ယာဉ်နောက်လိုက် ဆိုသူ အချို့မှာ ဟန်ပါပါဖြင့် စီးကရက်များ ခဲကာ သောက်သုံး နေကြဆဲ ဖြစ်သည်။ ဘတ်စ်ကား ခရီးစဉ် အဆုံး ဂိတ်ရင်း ဂိတ်ဖျား တို့၌ လွတ်လပ်စွာ သောက်သုံး နိုင်ပါလျက် ကားမောင်းရင်း ၊ ပိုက်ဆံကောက်ရင်း ဆေးလိပ် သောက်သုံးမှုမှာ အကြည့်ရ အလွန် ဆိုးသည်။

ကားကြီး ၊ ကားသေး ခရီးသည်တင် ယာဉ်များ အားလုံး၏ အတွင်းဝယ် " ဆေးလိပ် မသောက်ရ " ဟု တားမြစ် စာတန်းများ စနစ်တကျ ကပ်၍ သတိပေး ထားသော်လည်း ယင်းကားပေါ်၌ ယာဉ်မောင်းဆရာ နှင့် ယာဉ်နောက်လိုက် တို့ ဆေးလိပ် သောက်သုံး နေကြသည်မှာ မဖွယ်မရာ ပြုမူရာ ရောက်လွန်းသည်။

ကျပ်တည်း ကျဉ်းမြောင်း လှသော ကားပေါ်ဝယ် ကျပ်ညပ်စွာ လိုက်ပါ စီးနင်း ကြရသည့် ခရီးသည်များ အတွက် အလွန် အနှောင့်အယှက် ဖြစ်ရသည်။ ကျန်းမာရေး ရှုထောင့်မှ ကြည့်ပါကလည်း အလွန် အန္တရာယ် ဖြစ်စေသော အမူအကျင့် ဖြစ်နေသည်။

ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုကြောင့် မထသ မှ အရေးယူ လိုက်ရသော ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက် များ စာရင်းကို မကြာမီက သတင်းစာ များတွင် ဖော်ပြ ခဲ့သည်။ ယာဉ်မောင်းစဉ် နှင့် ခရီးသွားစဉ် ဆေးလိပ် သောက်ခြင်း ကိုလည်း စည်းကမ်း ဖောက်ဖျက်မှု တစ်ခုအဖြစ် သတ်မှတ်၍ အရေးယူ ရသော် သင့်နိုင်အံ့ ဟု ထင်ပါသည်။ အများပြည်သူ တို့၏ အကျိုးစီးပွား အတွက် ဆေးလိပ် သောက်သုံးမှု လျှော့ချနိုင် စေရန် အလို့ငှာ " စည်းကမ်း ထိန်းသိမ်းခြင်း အစ ဆေးလိပ်က " ဟု ဆောင်ပုဒ်ထုတ်၍ လိုက်နာကြလျှင် ကောင်းမည်ဟု ယူဆပါသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger