www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 24, 2014

ကချင်ပြည်နယ် တွင် တရားမ၀င်သစ်များ ထပ်မံ သိမ်းဆည်းရမိ


တပ်မတော်စစ်ကြောင်း မှ ဗန်းမော်မြောက်ဘက် ဒေသတွင် 
တရားမ၀င် သစ်များ ဖမ်းဆီးရမိမှုပြ မြေပုံ

နေပြည်တော် ၊ ၂၄-၂-၂၀၁၄

ယနေ့ ကာလတွင် နိုင်ငံတော် အစိုးရ အနေဖြင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်မှု တိုးတက် ခိုင်မာ စေရေးအတွက် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး နှင့် လက်တွဲ၍ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး နှစ်ပေါင်း ၆၀ကျော် ဖြစ်ပွား ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ် နိုင်မည့် ညှိနှိုင်းမှုများ ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှုဖြင့် တပ်မတော်သည် ကချင်ပြည်နယ် အတွင်း ထာဝရ ငြိမ်းချမ်းရေး အတွက် စစ်ရေး လှုပ်ရှားမှုများ ရပ်တန့် ထားခြင်းအပေါ် အခွင့်ကောင်း ယူကာ ကေအိုင်အေ အဖွဲ့သည် ၄င်းတို့၏ ကိုယ်ကျိုး အတွက် နိုင်ငံတော်၏ အဖိုးတန် သဘာဝ အရင်းအမြစ် သယံဇာတ များဖြစ်သော အဖိုးတန် သစ်များကို နည်းမျိုးစုံဖြင့် တစ်ဖက်နိုင်ငံ သို့ ခိုးထုတ်ရန် တိုးမြှင့် လုပ်ဆောက်လျက် ရှိသည်။

ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်များတွင် တရားမ၀င် သစ်ဖော်ထုတ် ဖမ်းဆီးသည့် အဖွဲ့များသည် တပ်မတော် စစ်ကြောင်း များက လုံခြုံရေး လိုက်ပါ ဆောင်ရွက်ရာမှ ဂျာအင်ယန် ရွာအနီးတွင် ကေအိုင်အေ အဖွဲ့တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တစ်ဖက်နိုင်ငံ သို့ ခိုးထုတ်ရန် ပြင်ဆင် ထားသော အဖိုးတန် သစ်များ ၊ လုပ်ငန်းသုံး ယာဉ်ယန္တား များကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ခဲ့သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၁၂ ရက်၌ ခန့်မှန်း မြေပုံညွှန်း ( LH 218408 ) တွင် တစ်ဖက်နိုင်ငံ သို့ တရားမ၀င် တင်ပို့ရန် စုပုံထားသည့် ကျွန်း ၅၀ တန်ခန့် နှင့် တမလန်းသစ် ၄၀ တန်ခန့် အား လည်းကောင်း ၊ ခန့်မှန်း မြေပုံညွှန်း ( LH 217403 ) တွင် ကျွန်း ၂ တန်ခန့် နှင့် တမလန်းသစ် ၅၈ တန်ခန့် အား လည်းကောင်း ၊ ခန့်မှန်း မြေပုံညွှန်း ( LH 214400 ) တွင် တမလန်းသစ် ၃၀ တန်ခန့် အား လည်းကောင်း ၊ ခန့်မှန်း မြေပုံညွှန်း ( LH 213398 ) တွင် သစ်မျိုးစုံ တန် ၅၀၀ ခန့် ၊ ပရာဒို တစ်စီး ၊ ဆိုင်ကယ် ၃ စီး ၊ တဲ ၂၀ လုံးခန့် ၊ ပလတ်စတစ် ပီပါ အပြာ အခွံ ၁၂၀ လုံး ၊ ဆီထည့် ထားသည့် ပလတ်စတစ် ပီပါ ၃၀ လုံး ၊ ဆီဘောက်ဆာ အလွတ် တစ်လုံး နှင့် တူမီး ၃ လက် တို့အား သိမ်းဆည်း ရမိခဲ့သည်။

ကေအိုင်အေ အဖွဲ့မှ တရုတ်နိုင်ငံသားများသို့ ထုတ်ပေးထားသည့် မှတ်ပုံတင်များ နှင့် သစ်မှောင်ခို သမားများထံမှ ကောက်ခံသော ဆက်ကြေး ဖြတ်ပိုင်းများအား တွေ့ရစဉ်

ထို့နောက် ၄င်းနေရာ တစ်ဝိုက် နယ်မြေ ရှင်းလင်းခြင်း ဆက်လက် ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၁၆ ရက်က ခန့်မှန်း မြေပုံညွှန်း ( LH 218408 )တွင် ကေအိုင်အေ ဗဟို စီးပွားရေး ဌာန၏ သစ်မှောင်ခို သမားများ ထံမှ ကောက်ခံသော ဆက်ကြေး ဖြတ်ပိုင်း မျိုးစုံ ၅၆ ရွက် ၊ တရုတ်နိုင်ငံ တိုးဂိတ် ဖြတ်ပိုင်း မျိုးစုံ ၁၂၁ ရွက် တရုတ်နိုင်ငံကူး လက်မှတ် စာအုပ် ပတ်စ်ပို့ အပြာရောင် ၅ အုပ် ၊ အစိမ်းရောင် တစ်အုပ် ၊ တရုတ် နိုင်ငံသား များကို ကေအိုင်အေ အဖွဲ့မှ ထုတ်ပေး ထားသည့် မှတ်ပုံတင်ကတ် ၁၀ ခု ၊ တရုတ်နိုင်ငံ မှ ယာဉ်လိုင်စင် (၀ှီးတက်) ၁၁ ခု ၊ တရုတ်နိုင်ငံ ယာဉ်မောင်း လိုင်စင် ၄ ခု ၊ ချုံများအတွင်း ၀ှက်ထားသော သစ်ဖြတ်စက် (ချိန်းဆော) တစ်ခု ၊ စက်ဆီး တစ်ဂါလံပုံး ၁၂ ပုံး ၊ Tianchen တံဆိပ် ၅၀၀၀ ကီလိုအထိ ချိန်တွယ် နိုင်သော ဒစ်ဂျစ်တယ် ကရိန်းကတ္တား အသစ် တစ်လုံး တို့အား သိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တပ်မတော် စစ်ကြောင်းမှ ခန့်မှန်း မြေပုံညွှန်း ( LH 205392 ) ၌ ဘောလုံးကွင်း တစ်ကွင်းခန့် ရှိသော သစ်ကွင်း အတွင်းမှ တရားမ၀င် သစ်မျိုးစုံ တန် ၅၀၀ ခန့်အား လည်းကောင်း ၊ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီခွဲက ခန့်မှန်း မြေပုံညွှန်း ( LH 204391 ) ၌ သစ်ခက် များဖြင့် ဖုံးအုပ် ပုံဖျက် ထားသော ယန်းဖောင်း သရီး ကရောင်းယာဉ် တစ်စီး နှင့် ဆိုင်ကယ် တစ်စီး အား လည်းကောင်း ၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲက ခန့်မှန်း မြေပုံညွှန်း ( LH 211395 ) ၌ သစ်မျိုးစုံ ၅၀၀ တန်ခန့် နှင့် ခန့်မှန်း မြေပုံညွှန်း ( LH 210395 ) ၌ သစ်မျိုးစုံ တန် ၅၀၀ ခန့်အား လည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။

ကေအိုင်အေ အဖွဲ့မှ ကိုယ်ကျိုးအတွက် တရားမ၀င် သစ်ခိုးထုတ် သူများနှင့် ပူးပေါင်း၍ နိုင်ငံတော် သယံဇာတ ဖြစ်သည့် ကျွန်းနှင့် အခြား သစ်မျိုးစုံ ပြည်ပသို့ တရားမ၀င် ခိုးထုတ် နေမှုများအား တပ်မတော် စစ်ကြောင်းမှ နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ သစ်တန်ချိန် ၃၇၅၀ တန် နှင့် မော်တော်ယာဉ် မျိုးစုံ ၄၇ စီး ၊ ဆိုင်ကယ် ၆ စင်း တို့နှင့် တပ်မတော် စစ်ကြောင်း များအား တရားမ၀င် သစ်များ ဖမ်းဆီး ချိန်တွင် နှောင့်ယှက်ရန် အသုံးပြုသည့် မိုင်းနှင့် ဆက်စပ် ပစ္စည်းများအား ဖော်ထုတ် ရရှိခဲ့သည်။




သိမ်းဆည်း ရမိသော တရားမ၀င် သစ်များနှင့် သစ်တင်ယာဉ်များအား တွေ့ရစဉ်

တပ်မတော် အနေဖြင့် နိုင်ငံတော် အစိုးရ ၏ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်မှု တိုးတက် ခိုင်မာ စေရေးအတွက် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး နှင့် လက်တွဲ ကြိုးပမ်း ဆောင်ရွက်လျက် ရှိချိန်တွင် ကေအိုင်အေ အဖွဲ့ အနေဖြင့် ၄င်းတို့ ကိုယ်ကျိုး စီးပွားအတွက် နိုင်ငံတော်၏ အဖိုးတန် သယံဇာတ များအား တစ်ဖက်နိုင်ငံ သို့ တရားမ၀င် ပို့ဆောင် နေမှုအား ကာကွယ် နေမှုအပေါ် ဒေသခံ ပြည်သူ များမှ ကျေနပ်မှု မရှိကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger