www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 24, 2014

ကျန်းမာခြင်းသည် ပထမ ၊ ချမ်းသာခြင်းသည် ဒုတိယ


ကျန်းမာခြင်းသည် ပထမ ၊ ချမ်းသာခြင်းသည် ဒုတိယ

ချမ်းသာ ကြွယ်ဝသော သူဌေးကြီး တစ်ဦးသည် မိမိ တိုက်ပေါ်မှ နေ့စဉ် မြင်တွေ့ နေရသော လက်လုပ် လက်စား ဆင်းရဲသား များကို သနား ကြင်နာ စိတ်များ ဖြစ်ပွား နေခဲ့သည်ဟု ဆိုသည်။ အထူးသဖြင့် သူ့တိုက်ရှေ့ လမ်း တစ်ဘက်ခြမ်း ရှိ အများသုံး ရေကန်တွင် နေ့စဉ် တွေ့ရသည့် ရေစည် တွန်းလှည်း သမားတစ်ဦး နှင့် အဝတ်လျှော် သမ တစ်ဦးတို့မှာ နံနက် လင်းသည်မှ ညနေ နေဝင်ချိန် အထိ အလုပ်လုပ် ကြရင်း ဘဝကို ရုန်းကန် နေကြ သူများ ဖြစ်သည်ကို သတိထား မိနေသည်။

ထိုသူဌေးကြီး သည် အဝလွန်ပြီး ရောဂါ အမျိုးမျိုး ဝင်လာရာမှ တစ်နေ့တွင် လေဖြတ် ဝေဒနာ ခံစား ရလေရာ ငွေကုန် ကြေးကျ ခံပြီး နိုင်ငံခြား တိုင်းပြည်မှ ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူခဲ့ သော်လည်း အသက် မသေသည်မှ လွဲ၍ ဒုက္ခိတ ဘဝ ရောက်ခဲ့ ရလေ သည်။ သူသည် မိမိအိမ် မှာပင် လမ်း မလျှောက်နိုင် ဝှီးချဲခေါ် တွန်းလှည်း ဖြင့် သွားရသည့် ဘဝသို့ ရောက်ခဲ့ လေသည်။

သူဌေးကြီး သည် ယခင်က မြင်တွေ့ နေကျ မိမိအိမ်ရှေ့ မှ မြင်ကွင်း များကို ကြည့်ရှုသော အခါ လမ်းတစ် ဘက်ခြမ်းရှိ ရေကန်တွင် ရှေးက မြင်တွေ့ နေကျ ရေစည် တွန်းလှည်း သမားနှင့် အဝတ်လျှော် သမ တို့ကို တွေ့ရပြန် လေသည်။ သို့သော် ယခင်က အမြင်နှင့် ယခုအမြင်မှာ မတူတော့ သွက်လက်စွာ အလုပ်လုပ် နေကြ သူတို့၏ ကျန်းမာရေး ကောင်းပုံကို အားကျ နေမိသည်။ မိမိမှာ သူများ ထူမှ တွဲမှ ထရထိုင်ရ သည့်ဘဝ ဖြစ်နေသည်။ တစ်ချိန်က သူတို့ ဆင်းရဲသည်ကို သနားမိ ခဲ့သည်။ ယခု အခါ မိမိကိုယ် မိမိသာ သနားစရာ အဖြစ် မြင်လာ မိသည်။ ထိုသူများ ကဲ့သို့ ရေတစ်ပုံး သယ်နိုင်သည့် ဘဝ အဝတ်တစ်ထည် လျှော်နိုင်သည့် ဘဝကို မိမိ စည်းစိမ်ဖြင့် လဲချင်သည့် စိတ်များ ဖြစ်ပေါ် လာမိသည်ဟု ဆိုသည်။

အထက် ဖော်ပြပါ အကြောင်းအရာ များသည် စိတ်ကူးယဉ် မဟုတ် လေဖြတ် ထားသူ ချမ်းသာ ကြွယ်ဝသူ တစ်ဦးမှ ကိုယ်တွေ့ ပြောပြသော ခံစားချက်များ ဖြစ်သည်။ ကျန်းမာခြင်း ၏ တန်ဖိုးကို မကျန်းမာသော အခါမှ သိရသည် ဟူသော စကားမှာ အမှန်ပင် ဖြစ်ကြောင်း ထိုသူ၏ ဥပမာကို ကြည့်ခြင်းဖြင့် သိနိုင် ပေသည်။

လူဖြစ် လာသောအခါ ကြီးပွားကြောင်း၊ တိုးတက်ကြောင်း နီတိ များက ဖော်ပြရာတွင် ပထမ အရွယ် ပညာရှာ၊ ဒုတိယ အရွယ် ဥစ္စာရှာ၊ တတိယ အရွယ် တရားရှာ ဟု ရေးသား ထားသည်ကို တွေ့ရသည်။ ကျန်းမာရေး ကို မေ့လျော့ ထားသကဲ့သို့ ဖြစ်နေ လေရာ ကျန်းမာရေး နှင့် ချမ်းသာရေး သည် အတူ ယှဉ်တွဲ နေမှသာ ဘဝအတွက် စိတ်ချရမည် ဖြစ်သည်။ ကျန်းမာရေး ကို ငယ်စဉ်က ဂရုမစိုက် ခဲ့ဘဲ အရွယ်လွန်မှ ဂရုစိုက် လျှင် မဖြစ်နိုင်ပေ။ မဆင်မခြင် စားသောက် ခဲ့သူ တစ်ဦးသည် အလွန်ဝ လာပြီးမှ ဝိတ်ချလျှင် အလွယ်တကူ ပြန်မကျ နိုင်သည်ကို သတိပြုဖို့ လိုသည်။

စည်းစိမ် ချမ်းသာ နောက်သို့ သဲသဲမဲမဲ လိုက်ရင်း အချိန်တွေ ကုန်ကာ တစ်ဖက်မှ ကျန်းမာရေး မလိုက်စားခဲ့၊ လမ်းလျှောက် ဖို့ပင် အချိန် မပေး နိုင်သူများမှာ အသက်အရွယ် ရ၍ အကျပိုင်း ရောက်လာ သောအခါ ရောဂါတွေ တစ်ပွေ့ တစ်ပိုက် နှင့် ဒုက္ခရောက် ရတတ်သည်။ မိမိ ဘဝ တစ်လျှောက် ရှာဖွေခဲ့ သမျှ စည်းစိမ် များမှာ ဆေးကုဖို့ ဖြစ်သွားရ သူများလည်း ရှိသည်။ ဆေးဖိုးဝါးခ ဟူသော စကားသည် လွယ်လွယ် နှင့် ပြီးမြောက် သွားသည့် စကား မဟုတ်ချေ။ ယခုခေတ်တွင် ရောဂါကြီး တစ်ခု အတွက် ငါးနှစ် ၁ဝ နှစ်ဆက်ပြီး အသက် ရှည်ဖို့ နေအိမ်ကိုပါ ရောင်းပြီး မြို့သစ်သို့ ပြောင်းကာ ဆေးကုရသူ များစွာ တွေ့ရဖူး ပါသည်။

အသည်း၊ နှလုံး၊ ကျောက်ကပ် ကိုပင် အစားထိုး နိုင်သော ဆေးပညာ များ ပေါ်လာပြီ ဆိုသော်လည်း ကုန်ကျမည့် ငွေကြေးမှာ တစ်သက်တာ ရှာသမျှ ကုန်သွား နိုင်သည်ကို သတိပြု၍ ကျန်းမာခြင်း သည် ပထမ၊ ချမ်းသာခြင်း သည် ဒုတိယ ဖြစ်ကြောင်း ဆင်ခြင် မြော်မြင် နိုင်ရေး တင်ပြ လိုက်ရ ပါသည်။

(ကြည်လွင်မြင့် - မုဒြာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger