www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 26, 2014

အလေ့အကျင့်ကောင်း


အလေ့အကျင့်ကောင်း

ကျွန်တော် ပါဝင်သော လူမှုရေး အဖွဲ့အစည်း တစ်ခုတွင် အစည်းအဝေး ပြုလုပ်လျှင် ဥက္ကဋ္ဌသည် အစည်းအဝေး ၏ သဘာပတိ အဖြစ် ဆောင်ရွက်သည်။ အစည်းအဝေး တက်ရောက် လာသူအချို့ က အစည်းအဝေး တွင် တင်ပြသည့် အကြောင်းအရာ တစ်ခုနှင့် စပ်လျဉ်း၍ သူ့အမြင်၊ ကိုယ့်အမြင်ကို ဆွေးနွေးကြသည်။

ပုဂ္ဂိုလ်တစ်ဦး ဆွေးနွေးသည့် အလှည့်တွင် သူ ဆွေးနွေး တင်ပြချက် မဆုံးမီ သဘာပတိ လုပ်သူက ဆက် မဆွေးနွေးရန် တားမြစ်သည်။ ထိုသို့ တားမြစ်ခံ ရသဖြင့် ဆွေးနွေး နေသည့် ပုဂ္ဂိုလ်သည် ရှိုးတိုး ရှန့်တန့် ဖြစ်ကာ အူကြောင်ကြောင် ဖြစ်သွားသည်။ သူ့ ဆွေးနွေးချက် ကို ဆက်မဆွေးနွေး တော့ဘဲ ရပ်လိုက် ရသည်။ သဘာပတိ ကိုလည်း ပြန်မပြောဝံ့ သဖြင့် မကျေမနပ် နှင့်ပင် ထိုင်လိုက် ရသည်။

အစည်းအဝေး တက်ရောက် လာသူ ကျန်ပုဂ္ဂိုလ် များကလည်း သဘာပတိ ၏ လုပ်ပုံကိုင်ပုံ ကို ဘဝင်မကျ သည့် သဘောမျိုး ရှိကြသည် ကို တွေ့ရသည်။ နောက်နောင် ကျင်းပမည့် အစည်းအဝေး များတွင် ကောင်းမွန်သည့် အကြံပြုချက် များကို ဆွေးနွေးရန် တွန့်သွား ကြသည်။

တကယ်တမ်း ပြောရလျှင် အစည်းအဝေး ၏ သဘာပတိ သည် ထို အဖွဲ့အစည်း ၏ ဥက္ကဋ္ဌလည်း ဖြစ်သဖြင့် ''ခေါင်းဆောင်'' ဟု ဆိုနိုင်သည်။ စွမ်းရည် ထက်မြက်မှု မရှိသည့် ခေါင်းဆောင် တစ်ယောက်၏ အားနည်း ချက်မှာ သူများ ပြောသည်ကို နားထောင်ရန် စိတ်ဝင်စားမှု မရှိခြင်းပင် ဖြစ်သည်။

ထိုသို့သော ခေါင်းဆောင် များသည် ရာထူး တာဝန် ကြောင့် ခေါင်းဆောင် ဖြစ်နေ သော်လည်း လူအများ လေးစား ကြည်ညိုသည့် စွမ်းရည် ထက်မြက်သော ခေါင်းဆောင် တစ်ယောက် ဖြစ်မလာ နိုင်ပေ။ စီမံ ခန့်ခွဲရေး ပညာရှင် Peter Drucker က -

''စီမံခန့်ခွဲမှု ပြဿနာ တွေရဲ့ ၆ဝ ရာခိုင်နှုန်း ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု လွဲတာက စတယ်'' ဟုဆိုသည်။

နားလည်မှု လွဲရသည့် အကြောင်းရင်း ကို ဆန်းစစ် ကြည့်လျှင် ဂရုတစိုက် စိတ်ဝင်တစား နားမထောင် သောကြောင့် ဖြစ်သည်ကို တွေ့နိုင်သည်။

တစ်ဖက်လူ၏ စကားကို နားထောင်ရန် ၄င်းနှင့် နားလည်မှု ရရှိရေး အတွက် အရေးကြီး သည်။ အသိ ပညာရှင်၊ အတတ် ပညာရှင်များ ထံမှ မိမိဘဝ တိုးတက်ရန် အတွက် သင်ယူသည့် အခါတွင် စိတ်ဝင်စားစွာ နားထောင် တတ်ဖို့ လိုသည်။ နေ့စဉ်ဘဝ တွင် ကိုယ့်ထက် အတွေ့အကြုံ များသည့်သူ၊ တိုးတက်သော သူ၊ ပိုတော် သည့်သူ၊ ဘာသာရပ် တစ်ခုကို အထူး ကျွမ်းကျင်သူ များနှင့် တွေ့ဆုံ ရတတ်သည်။ ထိုသို့ တွေ့သည့် အခါ နားထောင် တတ်မှ ဘဝတွင် တိုးတက်မှုများ ရရှိနိုင်ပေမည်။

ကျွန်တော် တို့သည် တစ်ဖက်သား နှင့် စကားပြော ဆိုရာတွင် သူတစ်ပါး ပြောသည်ကို စိတ်ဝင်တစား နှင့် နားထောင်ဖူးခြင်း ရှိ၊ မရှိ ဆန်းစစ်ကြည့် သင့်၏။ နားထောင်သည့် အခါ နှုတ်က ပြောသည်ကို နားထောင်သည့် အပြင် အသည်း နှလုံးက ပြောသည် ကိုပါ နားထောင် ပါရဲ့လား ဆိုသည်ကို ဆန်းစစ် ကြည့်သင့်၏။

နားထောင် တတ်သည့် လူတစ်ယောက် ဖြစ်ဖို့ ဆိုသည်မှာ တစ်ဖက်သား နှင့် အခြေခံချင်း တူရန်၊ စိတ်ဝင် စားမှုချင်း တူရန် လိုသည်။ မိမိသည် ခေါင်းဆောင် တစ်ယောက် အနေဖြင့် လည်းကောင်း၊ အောက်လက် ငယ်သား အနေဖြင့် လည်းကောင်း တွေ့သည့် အခါ ၄င်းတို့၏ အကြောင်း၊ သူတို့ စိတ်ဝင်စားသည့် အကြောင်း များကို သိရှိရန် မေးခွန်းများ မေးကြည့်ရန်၊ သူမည် သို့သော ပုဂ္ဂိုလ် ဖြစ်သည်ကို သိအောင် ကြိုးစားရန်၊ သူနှင့် စိတ်ဝင်စား မှုချင်း တူသော အကြောင်းအရာ၊ အယူအဆ ချင်း တူသော အချက်များကို ပြောဆို ဆွေးနွေး သင့်ပါ၏။

လူအများနှင့် စကားပြော သည့်အခါ များသော အားဖြင့် အကြောင်းအရာ ပေါ်တွင် အာရုံ စိုက်လေ့ ရှိသည်။ တစ်ဖက်သား ၏ ခံစားချက်၊ အတွေးအခေါ်၊ အယူအဆ များကို လျစ်လျူရှု မထားသင့်ပါ။ တစ်ဖက်သား ၏ စကားကို နှလုံးသား နှင့် နားထောင်လျှင် လူချစ် လူခင် များပြီး အများ ကြည်ညို လေးစားသည့် ခေါင်းဆောင် တစ်ယောက် ဖြစ်လာ ပေလိမ့်မည်။

ကျွန်တော် နယ်တွင် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင် စဉ်က ကျွန်တော့်ရုံး သို့ လူကြီး တစ်ဦး တစ်ပတ်လျှင် တစ်ရက် လာရောက်ပြီး ရုံးရှိ စာကြည့်တိုက် တွင် စာအုပ်၊ စာစောင်များ ဖတ်ရှုသည်။ ထို့နောက် စာဖတ်ဝိုင်း၊ စကားဝိုင်း လုပ်ကြ၏။ မိမိတို့ လေ့လာ ဖတ်ရှု ထားသော စာအုပ်၊ စာပေ များအကြောင်း ဆွေးနွေးခြင်း ဖြစ်သည်။ ၄င်းစကားဝိုင်း သို့ အဆိုပါ လူကြီးလည်း တက်ရောက် နားထောင်၏။ ကျွန်တော်တို့ ဆွေးနွေး ပြောကြား သမျှကို သူက တစ်ခွန်း တစ်ပါဒမျှ ဝင်ရောက် ပြောဆို ဆွေးနွေးခြင်း မရှိဘဲ နားထောင် တတ်၏။

ကျွန်တော်တို့ အားလုံး ဆွေးနွေးပြီး သည့် နောက်တွင် လူကြီးက သူ့ အမြင်နှင့် သဘောထား ကို ဆွေးနွေး တော့သည်။ သူ့ ဆွေးနွေးချက် က ကျွန်တော်တို့ အားလုံး အတွက် မှတ်သား စရာ အပြည့် ပါသည်။ သက်ကြီး စကား၊ သက်ငယ်ကြား ဆိုသကဲ့သို့ အတွေ့အကြုံ ရှိသော၊ အကြားအမြင် များသော လူကြီး၏ စကားသည် ကျွန်တော်တို့ အတွက် အကျိုး များ၏။ ထို့ပြင် သူ့ထံမှ အတုယူဖွယ် ကောင်းသော အချက်မှာ ကျွန်တော် တို့၏ ဆွေးနွေးချက် ကို အစ၊ အဆုံး စိတ်ဝင်စားစွာ နားထောင်ခြင်း ပင် ဖြစ်သည်။

နောက်ပိုင်း တွင် ထိုလူကြီးသည် ကျွန်တော်တို့ ရုံးသို့ ရောက်ရှိ မလာတော့ပေ။ အသက်အရွယ် ကြီးရင့်သူ ဖြစ်၍ ကျန်းမာရေး ကြောင့် မလာ နိုင်ခြင်းလည်း ဖြစ်နိုင်သည်။ ကျွန်တော်တို့ အားလုံး သူ့ကို အမှတ်တရ နှင့် သတိတရ ရှိနေကြ၏။ သူ ပေါ်မလာတော့ သော်လည်း ကျွန်တော်တို့ အား အဖိုးတန် လက်ဆောင် အဖြစ် ပေးခဲ့သည့် အလေ့အကျင့် ကောင်း တစ်ခုကား ''သူများ စကားပြောလျှင် ကောင်းစွာ နားထောင်ပါ'' ဟူသော အချက်ပင် ဖြစ်သည်။

ထိုလူကြီး၏ အလေ့အကျင့် ကောင်းကို ခေါင်းဆောင် လုပ်မည့် သူများ အတုယူ သင့်ပါ၏။ ခေါင်းဆောင် တစ်ယောက် သည် နားထောင် ရုံသာ မဟုတ်ဘဲ စကားပြော ရာတွင်လည်း ကိုယ် စကားပြော မည့်သူနှင့် နှလုံးသားချင်း အရင် ဆက်သွယ်ဖို့ လိုပါသည်။ 

နှလုံးသားချင်း ဆက်သွယ်ဖို့ ဆိုသည်မှာ တစ်ဖက်သား ၏ နှလုံးသား ထဲတွင် ဘာရှိသည် ဆိုတာကို သိဖို့ လိုသည်။ ထိုသို့ သိထား နိုင်ရန် ထိုသူ ပြောသော စကားကို အလေးထား နားထောင်မှ သိမည် ဖြစ်သည်။ တစ်ဖက်သား ပြောစကားကို စိတ်ဝင်စားစွာ နားထောင်ခြင်း သည် ခေါင်းဆောင် တစ်ယောက် ၏ မလွဲမသွေ ဆောင်ရွက် ရမည့်' 'တာဝန်'' ဖြစ်သည်ဟု မှတ်ယူ ဆောင်ရွက် ခြင်းဖြင့် အများ ကြည်ညို လေးစားသော ခေါင်းဆောင် အဖြစ်ကို အမှန်အကန် ရယူသင့် ပါ၏။ 
(တက္ကသိုလ် သင်္ခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger