www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 25, 2014

ဂိမှာန်ကာလ နွေဦးအစ ( မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ )


ဆုရဓာတ်ပုံသုံးသပ်ချက်

၂၀၁၄ ခုနှစ် မတ်လ၏ မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ ခေါင်းစဉ်မှာ " ဂိမှာန်ကာလ နွေဦးအစ " ဖြစ်သည်။ မြ၀တီ ရသစုံမဂ္ဂဇင်း တွင် ရှေးအခါ ကာလများ ကတည်းက သတ်မှတ် ခေါင်းစဉ် များကို လရာသီ သရုပ်ဖော် ခေါင်းစဉ်များ ၊ နိုင်ငံတော် ၏ ရည်မှန်းချက် ဆောင်ပုဒ်များ ၊ ဒေသ ပွဲတော်များ ၊ မေတ္တာ သရုပ်ဖော်များ နှင့် အလှအပ စိတ်ဝင်စားဖွယ် ခေါင်းစဉ်များ အဖြစ် အချိန်အခါ အလိုက် ကြိုတင် သတ်မှတ် ပေးထားသည်။ သို့ဖြစ်၍ မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲသို့ ပုံမှန် ၀င်ရောက် ယှဉ်ပြိုင် သူများ အပါအ၀င် အခါ အားလျော်စွာ ယှဉ်ပြိုင်သူ များပါ မြ၀တီရသစုံ မဂ္ဂဇင်း တွင် ဖော်ပြ ပါရှိသော ခေါင်းစဉ်များကို ကြိုတင် ဖတ်ရှု လေ့လာ၍ ရိုက်ကူး ကြပါရန် အကြံပြု တင်ပြ လိုပါသည်။

မတ်လ အနေဖြင့် ရာသီအလိုက် နွေဦးကာလ အစ ဖြစ်သည်နှင့် အညီ ယခု ခေါင်းစဉ်ကို သတ်မှတ်ပေး ထားသည်။ ယခုလ ဓာတ်ပုံ ပြိုင်ပွဲသို့ ယှဉ်ပြိုင် နေကျ ဓာတ်ပုံ ပညာရှင် များနှင့် လူသစ် ဓာတ်ပုံ သမားများ အပါအ၀င် ဓာတ်ပုံပေါင်း ၄၂ ပုံ ပေးပို့ လာသည်။ ရောက်ရှိ လာသော ပုံများအနက် အချို့မှာ ယခင်နှစ်များ က ဆုရရှိပြီး ပုံများနှင့် ဆင်တူပုံများ ပါရှိ နေသည်။ ပုံ အရေအတွက် မှာ ယခင်လ များကို မမီသော်လည်း အဆင့်မြင့် ပုံကောင်းများ ပါဝင် လာသည်ကို ကျေနပ် အားရဖွယ် တွေ့မြင် ရွေးချယ် ခဲ့ကြပါသည်။ ယခုလ ဓာတ်ပုံ ပြိုင်ပွဲအား မြန်မာနိုင်ငံ ဓာတ်ပုံအသင်း မှ ဓာတ်ပုံ ပညာရှင် များနှင့် မြ၀တီ စာတည်းအဖွဲ့ဝင်များ စုံညီစါာ ပါဝင် အကဲဖြတ် ရွေးချယ် ပေးခဲ့ကြ ပါသည်။ ယခုလ မြ၀တီ ရောင်စုံဓာတ်ပုံ ပြိုင်ပွဲ၏ ဆုရမှတ် အနေအထား မှာ မန္တလေး ၊ ရန်ကုန် နှင့် နယ်အသီးသီး မှ ဓာတ်ပုံ ပညာရှင်များ ဆုရရှိခဲ့ ကြရာ အမှတ် ကွာခြားမှု အနည်းငယ်မျှ သာဖြစ်၍ ယှဉ်ပြိုင် နေသူ အားလုံး နောင်လ များတွင် သူ့ထက်ငါ အမှတ် ပိုမို ရရှိရန် ဆက်လက် အားထုတ် ကြိုးစား သွားကြရန် အထူး လိုအပ် လာပြီ ဖြစ်ပါသည်။

ပထမဆု - မျိုးမင်းကြွယ် (ရွှေတောင်ကြား)


ပထမဆု ရရှိသူမှာ မန္တလေးမြို့ မှ ဓာတ်ပုံ ပညာရှင် မျိုးမင်းကြွယ် (ရွှေတောင်ကြား) ဖြစ်သည်။ မျိုးမင်းကြွယ် အနေဖြင့် ယခင်လ များကလည်း ဆုကြီးများ နှင့် အထူးဆု များပါ ရရှိထားသူ ဖြစ်ပြီး ယခုလတွင် ပထမဆု ကို ဆက်လက် ရယူ နိုင်သည် ဖြစ်၍ အမှတ်ပေး ဇယား တွင် ထိပ်ဆုံး နေရာ၌ ရပ်တည်လျက် ရှိသည်။ ပထမဆုရ ပုံကို စစ်ကိုင်း တောင်ရိုးပေါ် တွင် ရိုက်ယူ ထားသည်ဟု ဖော်ပြ ထားသည်။ ဂိမှာန်ကာလ နွေဦးအစ တွင် တောင်ပေါ်ရှိ ဘုရား ပရ၀ုဏ် အတွင်း တရုတ်စကားပင် များအောက်၌ ကလေးငယ် နှစ်ဦးတို့ တံမြတ်လှည်း ၊ အမှိုက်သိမ်း နေကြပုံကို ပြင်ဆင် နေရာချထား ရိုက်ကူး ထားသည်။ မွန်းတည့် နေရောင် တစောင်း ကျချိန် ဖြစ်ပါ၍ မြေပြင် ကွက်လပ်များ ပေါ်သို့ တရုတ် စကားပင် ကိုင်းအရိပ်များ ကျရောက် နေသည်မှာ နွေဦး သရုပ်ကို ဖြည့်ထိန်း ပေးနေ သည်။ ကလေးငယ် များကို နေရာချ ထားပုံမှာ လည်း မှန်ကန် အကွက်ကျ လှသည်။ ဤ နေရာ ၀န်းကျင် တရုတ်စကားပင် များမှာ မန္တလေး မှ ဓာတ်ပုံ သမားများ အမြဲ ရိုက်ယူ နေကျ ရှုမြင်ကွင်း ဖြစ်ပြီး ယခင်နှစ် များကလည်း ကိုကိုဆန်နီ ( သိင်္ဂီရွှေရည်) တို့ ဆုရရှိ ခဲ့ဖူးသည်ကို မှတ်မိ နေသည်။ သရုပ်ဖော် ရိုက်ကူးမူ နှင့် ဓာတ်ပုံ ဆေးသား တို့ ကောင်းမွန် ပါသည်။

ဒုတိယဆု ၊ ဇာနည်ထွန်း (ရွှေပန်းချီ - ရမည်းသင်း )


ဒုတိယဆုရှင် ဇာနည်ထွန်း (ရွှေပန်းချီ - ရမည်းသင်း) မှာ ယခင်နှစ် ( ၂၀၁၃ ခုနှစ် ) မြ၀တီ နှစ်ပတ်လည် ဓာတ်ပုံ ပြိုင်ပွဲ ပထမဆုကြီး ကို ရယူ ခဲ့သူ ဖြစ်သည်။ ဇာနည်ထွန်း ( ရွှေပန်းချီ - ရမည်းသင်း ) အနေဖြင့် လက်ရည် လက်စွမ်း ထက်သူဖြစ်၍ ယခုနှစ် တွင်လည်း ဒုတိယ အကြိမ် မြ၀တီ နှစ်ပတ်လ်ည ဆုကြီးကို ဆက်တိုက် ရရှိရန် ခက်ခဲ တော့မည် မဟုတ်ပါ။ သို့ဖြစ်၍ ဆက်လက် ရယူနိုင်ဖို့ ယခုနှစ် အစ ကတည်းက အားထည့် ယှဉ်ပြိုင်ရန် ဖိတ်ခေါ် လိုက်ရပါသည်။

ဆုရပုံကို ရမည်းသင်း မြို့နယ် အရှေ့ဘက် ရွှေမြင်တင် ဘုရားအနီး တွင် ရိုက်ယူ ခဲ့သည်ဟု ဖော်ပြ ထားသည်။ နွေဦးအစ ကာလများတွင် စတင် ဖူးပွင့် ဝေဆာလျက် ရှိသည့် လက်ပံပင်ကြီး ၏ အပင်အောက်တွင် လက်ပံပွင့် ကောက်နေသည့် ကျေးလက် ကလေးငယ် နှစ်ဦးဖြင့် သရုပ်ဖော် ရိုက်ယူ ထားသည်။ နီရဲသော လက်ပံပွင့်များ နှင့် အကိုင်း ၊ အခက် တို့မှာ ပြာမှိုင်းမှိုင်း မြူလွှမ်း နေသည့် နောက်ခံတွင် ကြွရွ ပေါ်လွင်လျက် ရှိပြီး ကလေးငယ်များ ကို နေရာ မှန်ကန်စွာ ချထား နိုင်သည်။ လက်ပံပင်ကြီး ၏ ပင်စည်ကို ယခုလို မည်းမှောင် နေသည်ထက် အလင်းဖွင့် ပြုပြင် ကူးချဲ့ ပါက သာလွန် ကောင်းမွန်မည် ဖြစ်သည်။ ရိုက်ယူပုံ နှင့် ဓာတ်ပုံ ဆေးသားတို့ ကြည်လင် လှပ ကောင်းမွန် ပါသည်။

တတိယဆု - အာကာထွန်းကျော်


မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းကြီး ၏ သင်တန်းဆင်း လူငယ် ဓာတ်ပုံ ပညာရှင် အာကာထွန်းကျော် မှာ ပြီးခဲ့သည့် လများကလည်း ဆုကြီးများ ရရှိထားပြီး ယခုလတွင် တတိယဆု ထပ်မံ ရယူနိုင်ပါ၍ အမှတ်ပေး အစီအစဉ် တွင် ဒုတိယ နေရာသို့ ရောက်ရှိ နေပါသည်။ တတိယဆု ရပုံကို မန္တလေးမြို့ တွင် ရိုက်ယူ ထားသည်ဟု သာမန်မျှ ဖော်ပြ ထားပါသည်။ မန္တလေးမြို့ ၊ ဧရာဝတီ မြစ်ကမ်း အစပ် ညနေစောင်း မတိုင်မီ တွင် ရိုက်ယူ ထားသည်ဟု ခန့်မှန်းရ ပါသည်။ နေရောင် ဆန့်ကျင် အလင်းဖြင့် နွားအုပ်များ အိမ်အပြန် ကို ဖုန်တထောင်းထောင်း ဖြင့် ပန်းချီကား သဖွယ် အရှိအတိုင်း ရိုက်ကူး ထားပါသည်။

ဖုန်များ ထနေသည့် အကြား နွားအုပ်များမှာ လှပ ပေါ်လွင် ကြွတက်လျက် ရှိသည်။ ဓာတ်ပုံကား ဖွဲ့စည်း တင်ပြမှု အနေဖြင့် နေရာ ကျန ကောင်းမွန်လှ သည်။ ယခု ဆုရပုံမှာ ဓာတ်ပုံကောင်း တစ်ပုံ ဖြစ်သော်လည်း မိုးမကျသော အခါ ကာလတိုင်းတွင် ရိုက်ယူနိုင်သည် ဖြစ်၍ နွေဦးကာလ သရုပ်ဖော် တွင် အတန်ငယ် အားလျော့လှ သည်ဟု စာရေးသူ အနေဖြင့် ယူဆ မိပါသည်။ ဓာတ်ပုံ ဆေးသား မှန်ကန် ကောင်းမွန်လှ ပါသည်။

အထူးဆု(၁) - မြင့်သန်း ( ငွေကြယ်မင်း )


အထူးဆု(၁) ရရှိသူမှာ မန္တလေး မှ မြင့်သန်း (ငွေကြယ်မင်း) ဖြစ်သည်။ ဆုရပုံကို စစ်ကိုင်းတိုင်း ဒေသကြီး ၊ မင်းကွန်း ဘုရား အနောက်ဘက် ၊ တောင်ရင်းရွာ တွင် ရိုက်ကူး ထားသည်ဟု ဖော်ပြ ထားသည်။ ပပ်ကြားအက် မြေပေါ်တွင် ရေရရန် အတွက် ရေခပ်သွား သူများဖြင့် ဂိမှာန်ကာလ နွေဦးအစ ကို သရုပ်ဖော် ရိုက်ကူး ထားသည်။ အမြင့်အပေါ်စီး နေရာမှ ရေခပ်သွားသူ တစ်စုကို ကျနေ ဘေးတစောင်း အလင်းဖြင့် ရိုက်ကူး ထား၍ မြေပပ်ကြားအက် များနှင့် လူပုံများမှာ လုံးကြွ ပေါ်လွင်လျက် ရှိသည်။

ထောင့်ဖြတ် ပုံသဏ္ဍာန် ထားသို ရိုက်ကူးထား၍ လည်းကောင်း ၊ ရှည်လျားသော အရိပ် များကြောင့် လည်းကောင်း ပုံမှာ နွေဦး သရုပ်ဖော်ပုံ ကောင်းတစ်ပုံ အဖြစ် သာမက ပန်းချီ ဆန်သော ရှုချင်စဖွယ် ပုံကောင်း တစ်ပုံအဖြစ် လည်း ခံစား ရှုမြင် နိုင်ပါသည်။ အရောင် အသွေး လှပ စုံလင်ပြီး ဓာတ်ပုံ ဆေးသား ကြည်လင် ပြတ်သား ကောင်းမွန် ပါသည်။

အထူးဆု(၂) - ဇာနည်ထွန်း (ရွှေပန်းချီ - ရမည်းသင်း )


အထူးဆု(၂) ကို ယခုလ ဒုတိယဆု ရရှိသူ ဇာနည်ထွန်း (ရွှေပန်းချီ - ရမည်းသင်း) ပင် ဖြစ်သည်။ ဒုတိယဆု ရရုံနှင့် နေရာတူ ရိုက်ယူ ထားသော ပုံကောင်း တစ်ပုံ ဖြစ်သည်။ စားရေးသူ အကြိုက် ဆိုရလျှင် ဒုတိယ ဆုရပုံထက် ယခုဆုရပုံကို ပိုမို နှစ်သက် အမှတ်ပေး ရွေးချယ် ခဲ့ပါသည်။ သို့သော် ကျန်အကဲဖြတ် များ၏ ပေးမှတ်အရ ယခုပုံမှာ အထူးဆု သာ ရယူ နိုင်ခဲ့ပါသည်။ လက်ပံပွင့် ၊ လက်ပံကိုင်း များသည် လည်းကောင်း ၊ နွား နှစ်ကောင်နှင့် နွား ကျောင်းသား သည် လည်းကောင်း ဒုတိယဆုရ ပုံထက် ပိုမို ပေါ်လွင် ပန်းချီဆန် လှပါသည်။ 

စာရေးသူ အနေဖြင့် အကြံပြု လိုသည်မှာ ဓာတ်ပုံ၏ အကြောင်းအရာ သရုပ်ဖော် မှုအား သံတူ ကြောင်းကွဲ တစ်မျိုးတည်း နှစ်ပုံ မတင်ပြ သင့်ဟု ပြောလို ပါသည်။ စိတ်ကြိုက်အဖြစ် တစ်ပုံတည်း သာ ယှဉ်ပြိုင် သည်က ပိုမို မှန်ကန် သည်ဟု အကြံပြု လိုပါသည်။ ဓာတ်ပုံ ဆေးသား ကြည်လင် လှပပါသည်။

အထူးဆု(၃) - အေးလွင်ဦး (ရွှေပန်းချီ - ရမည်းသင်း )


အထူးဆု(၃) ရရှိသူမှာ အေးလွင်ဦး (ရွှေပန်းချီ - ရမည်းသင်း ) ဖြစ်သည်။ ဆုရပုံကို ရမည်းသင်း မြို့နယ် ၊ ပေါက်အိုင် ကျေးရွာ တွင် ရိုက်ကူးသည်ဟု ဖော်ပြ ထားသည်။ အရိုး ပြိုင်းပြိုင်းဖြင့် စိန်ပန်းပင်ကြီး များ အကြား ရေအိုးဖြင့် ရေခပ် သွားသူ မိန်းမပျို ပုံဖြင့် နွေအလှကို သရုပ်ဖော် တင်ပြ ထားသည်။ ရိုက်ကူး ထားပုံမှာ သင့်ရုံမျှသာ ရှိပြီး လုံမပျို၏ ခေါင်းပေါ်မှ ရေအိုးမှာ သစ်ပင်ကိုင်း နှင့် ငြိမနေစေရန် ရိုက်ယူ ပြုပြင် သင့်ပါသည်။

ညောင်ဦးဖိုးချို ( Hon; MPS, FMPS, PMPS )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger