www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 24, 2014

ရေကို စနစ်တကျ သုံးစွဲရန်လို


ရေကို စနစ်တကျ သုံးစွဲရန်လို

လူသားများ အတွက် အဓိက လိုအပ်ချက် ဖြစ်သည့် ရေကို သဘာဝ တရားက လုံလောက်စွာ ပေးအပ် ထားသော်လည်း လူတို့၏ စည်းကမ်းမဲ့ လုပ်ဆောင်မှု များကြောင့် လည်းကောင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု များကြောင့် လည်းကောင်း၊ ကမ္ဘာပေါ်ရှိ ရေချို အရင်းအမြစ် များလျော့နည်း လာလျက် ရှိနေသည်။ ထိုကဲ့သို့ ဆက်လက် လျော့နည်း သွားပါက ၂ဝ၁၅ ခုနှစ် ရောက်လျှင် ကမ္ဘာ့ လူဦးရေ ၁ ဒသမ ၈ ဘီလီယံ သည် ရေရှားပါးမှု နှင့်ကြုံတွေ့ ရမည် ဖြစ်ပြီး ကမ္ဘာ့ လူဦးရေ၏ သုံးပုံ နှစ်ပုံသည် ရေမလုံလောက် မှုများနှင့် ရင်ဆိုင် ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ မှ ခန့်မှန်း ထားသည်။

ကမ္ဘာ့ ရေအရင်းအမြစ် များ လျော့နည်း လာရသည့် အကြောင်းရင်း များမှာ ကမ္ဘာ့ လူဦးရေ တိုးတက် များပြားလာမှု ကြောင့် ရေသုံးစွဲမှု များပြား လာခြင်း၊ ကမ္ဘာ့နိုင်ငံ အများအပြား ဖွံ့ဖြိုး တိုးတက်လာမှု နှင့်အတူ ရေပိုမို သုံးစွဲလာခြင်း၊ ရေသုံးစွဲသူအများစု၏ ရေသုံးစွဲ ခြင်းထက် ဖြုန်းတီးမှု ဖြစ်နေခြင်း၊ ရေပေါများရာ ဒေသမှ လူများက ရေကို လိုသည်ထက် ပိုမို သုံးစွဲနေခြင်း၊ မြို့ပြများ၌ ရေပေး ဝေရာတွင် စီမံခန့်ခွဲမှု အားနည်း သောကြောင့် ရေဖြုန်းတီး မှုများ ဖြစ်ပေါ် နေခြင်း၊ မြို့ပြများတွင် မြေအောက်ရေ အလွန်အကျွံ ထုတ်ယူ သုံးစွဲမှုကြောင့် မြေအောက်ရေ အရည်အသွေး ကျဆင်းခြင်း နှင့် ကောက်ပဲ သီးနှံများ စိုက်ပျိုးရာတွင် လိုအပ် သည်ထက် ပိုမိုသုံးစွဲ နေခြင်း တို့ကြောင့် ဖြစ်သည်။

ထို့ပြင် စက်ရုံ အလုပ်ရုံ များမှ စွန့်ပစ်ရေများ၊ စွန့်ပစ် ပစ္စည်းများကို မဆင်မခြင် စွန့်ပစ်မှု များကြောင့် ရေကောင်း၊ ရေသန့် များသည် အသုံးပြု၍ မရသည့် ညစ်ညမ်းရေ ဖြစ်သွားခြင်း၊ စိုက်ပျိုးမြေ များ၌ ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေး များကို ထိန်းထိန်း သိမ်းသိမ်း မသုံးစွဲ သောကြောင့် မြစ်၊ ချောင်း၊ အင်းအိုင်များမှ ရေများ ညစ်ညမ်းမှု ဖြစ်ပေါ် စေခြင်း တို့လည်း ပါဝင်သည်။

ထို အကြောင်း ခြင်းရာ များသည် လူတို့ တစ်ဦးချင်း သော် လည်းကောင်း၊ အဖွဲ့အစည်း များဖြင့် သော် လည်းကောင်း၊ အခက်အခဲ မရှိ ဖြေရှင်း နိုင်သည့် အကြောင်း ခြင်းရာများ ဖြစ်သည်။ ကိုယ်ကျိုး မဖက် စိတ်ရင်း စေတနာ ကောင်းဖြင့် ဖြေရှင်း သွားရန်သာ လိုသည်။ တစ်ဦးချင်း စီမှ မိသားစု ဆွေမျိုး သားချင်းများ၊ ထိုမှ တစ်ဆင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြများ အထိ ကိုယ်ကျိုး မဖက်ဘဲ စိတ်ရင်း စေတနာ ကောင်းများဖြင့် ဆောင်ရွက် သွားကြ ရမည် ဖြစ်သည်။ တစ်ဖက်မှ လည်း ရေ၏ တန်ဖိုးကို သိရှိပြီး ရေကို အလေးထား သူများပြား လာစေရန် အသိ ပညာပေး လုပ်ဆောင် သွားကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ စိုက်ပျိုးရေ၊ သောက်သုံးရေ ဖူလုံရေး အတွက် လိုအပ်ချက် ရှိသော ဒေသများသို့ ဦးစားပေး၍ ရေရရှိရေး ဆောင်ရွက် ပေးနေချိန်တွင် ပြည်သူ အားလုံး ကလည်း ရေကို ရွှေကဲ့သို့ တန်ဖိုးထား စနစ်တကျ သုံးစွဲကာ ဖြုန်းတီးမှု မဖြစ်စေရန် သတိပြု ကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger