www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 24, 2013

အဂတိကင်းရှင်း၍ စိတ်ရင်း စေတနာမှန်ဖြင့် တာဝန်ထမ်းဆောင်


အဂတိကင်းရှင်း၍ စိတ်ရင်း စေတနာမှန်ဖြင့် တာဝန်ထမ်းဆောင်

အယ်ဒီတာ့အာဘော်
( ၂၄-၁၂-၂၀၁၃ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၌ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂ဝ၁၁ ခုနှစ် မတ် ၃ဝ ရက်မှစ၍ ပြည်ထောင်စု အစိုးရ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရဟူ၍ အသီးသီး ပေါ်ပေါက် လာပြီ ဖြစ်သည်။ ထို့အတူ ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် ၊ တိုင်းဒေသကြီး ၊ ပြည်နယ် လွှတ်တော် ဟူ၍ လွှတ်တော် အသီးသီးလည်း ပေါ်ပေါက် ခဲ့ပြီဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဥပဒေပြုရေး အာဏာ ၊ အုပ်ချုပ်ရေး အာဏာနှင့် တရား စီရင်ရေး အာဏာ တို့သည် တစ်ခုကို တစ်ခု ထိန်းကျောင်းသည့် စနစ်ဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး နှင့် တည်ငြိမ် အေးချမ်းရေး အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရတို့သည် မိမိတို့ ဒေသအတွင်း အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စအဝဝ တို့ကို အခြေခံ ဥပဒေနှင့် အညီ လွတ်လပ်စွာ ဆောင်ရွက် နေကြပြီ ဖြစ်သည်။ မိမိတို့ အကောင် အထည်ဖော် ဆောင်ရွက် ရမည့် လုပ်ငန်းများကို အနီးကပ် ကြီးကြပ် ဆောင်ရွက် ရသည့် အဖွဲ့အစည်း ဖြစ်သည့် အားလျော်စွာ စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းများ နှင့် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ လုပ်ငန်းများ ကို ပိုမို၍ ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ကြပြီ ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် နှင့် သက်ဆိုင်သောအုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စအဝဝ ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ၏ ကြီးကြပ် ဆုံးဖြတ်မှုဖြင့် ဆောင်ရွက် သွားနိုင် သကဲ့သို့ ဆောင်ရွက်ပြီး အခြေအနေ များကို အချိန်နှင့် တစ်ပြေးညီ ပြည်ထောင်စု အစိုးရထံ အသိပေး တင်ပြလျက် ရှိသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ က စီမံ ဆောင်ရွက်ရန် ခက်ခဲသော ကိစ္စရပ်များကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်ထောင်စု အစိုးရအဖွဲ့ ၏ ဆောင်ရွက်ချက် များသည်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသို့ အချိန်မီ အသိပေး အကြောင်းကြား ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၅၄ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ၏ လိုအပ်သော ရန်ပုံငွေကို ဇယား(၅) တွင် ပြဋ္ဌာန်း ထားသည့် အတိုင်း အခွန်အခများ ကောက်ခံပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်း၍ ယင်း ဘဏ္ဍာရန်ပုံငွေ များကို ဥပဒေနှင့် အညီ ပြန်လည် ထုတ်ယူ သုံးစွဲရန် အခြေခံ ဥပဒေက ခွင့်ပြုထားပြီး ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရများ က  ရေးဆွဲထားသော ရသုံး ခန့်မှန်းခြေ ငွေစာရင်းအရ လိုအပ်သော ရန်ပုံငွေများ ရှိလာပါက ပြည်ထောင်စု ရန်ပုံငွေမှ လိုအပ်သလို ဖြည့်ဆည်းပေးခြင်း ၊ ထောက်ပံ့ ပေးခြင်းနှင့် ထုတ်ချေးခြင်းများ ဆောင်ရွက် ပေးလျက် ရှိသည်။

ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရတို့က နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် ကြရာတွင် နိုင်ငံတော် အစိုးရနှင့် ဝန်ထမ်းများ တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက်ကြ မှသာ လုပ်ငန်းများ အောင်မြင် နိုင်မည် ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း များသည် ဒို့တာဝန် အရေးသုံးပါး ကို ဦးထိပ်ထား၍ ပါတီ နိုင်ငံရေး ကင်းရှင်း ကြရမည် ဖြစ်သည်။ ဝန်ထမ်းများ အရည်အသွေး မြင့်မားရေး အတွက် နိုင်ငံတော်က စီမံ ဆောင်ရွက် ပေးလျက် ရှိရာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ ရိုသေပြီး ဝန်ထမ်း ကျင့်ဝတ်ကို ထိန်းသိမ်း လိုက်နာ ကြရန်နှင့် အဂတိတရား ကင်းရှင်းကြရန် လိုအပ်ပြီး တာဝန် ဝတ္တရားများကို စိတ်ရင်း စေတနာ မှန်ကန်စွာဖြင့် ထမ်းဆောင် သွားကြရန် လိုအပ်သည်။

သို့ဖြစ်၍ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် နေသော ယနေ့ အချိန်တွင် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်နှင့် သန့်ရှင်းသော အစိုးရအဖြစ် ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် နိုင်ငံ့ဝန်ထမ်းများ သည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ အပေါ် သစ္စာစောင့်သိ ရိုသေပြီး ဝန်ထမ်းကျင့်ဝတ် စည်းကမ်းများကို ထိန်းသိမ်း လိုက်နာကြကာ စိတ်ရင်း စေတနာ မှန်ကန်စွာဖြင့် တာဝန် ထမ်းဆောင် သွားကြပါရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger