www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 30, 2013

စွမ်းအားနှင့် အတတ်ပညာ အသုံးချ၍ ပြည်သူကို အကျိုးပြု


စွမ်းအားနှင့် အတတ်ပညာ အသုံးချ၍ ပြည်သူကို အကျိုးပြု

အယ်ဒီတာ့အာဘော်
( ၃၀-၁၂-၂၀၁၃ )

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ၊ သူနာပြု နှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေး ပြကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ကိုယ်စား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း တက်ရောက် မိန့်ခွန်း ပြောကြား သည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း က မိန့်ကြားရာ၌ " ဒီနေရာတွင် ကျန်းမာ ၊ ကြံ့ခိုင် ၊ တိုက်နိုင်ရန် ဆိုသည့် အတိုင်း ကျန်းမာ သန်စွမ်းပါမှ နိုင်ငံတော် အပေါ် ကျရောက် လာမည့် ရန်စွယ် ဟူသမျှကို ချေမှုန်းနိုင်မှာ ဖြစ်ပြီး တိုက်စွမ်းအား များကိုလည်း အပြည့်အ၀ အသုံးချ နိုင်မည် ဖြစ်ကြောင်း ၊ တပ်မတော်သား များနှင့် မိသားစုဝင် များ၏ ကျန်းမာရေး နှင့် ကြံ့ခိုင်မှု အမြဲတမ်း ကောင်းမွန် နေရန်အတွက် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များ၏ ကြိုတင် အကာအကွယ် ပေးခြင်း လုပ်ငန်းနှင့် ပြုစု စောင့်ရှောက်ခြင်း လုပ်ငန်းများ သည် အဓိက လုပ်ငန်း တာဝန် ဖြစ်သကဲ့သို့ ပြည်သူက ပေါက်ဖွား လာသည့် ပြည်သူ့ တပ်မတော်သား များပီပီ ပြည်သူလူထု ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကိုလည်း တစ်ဖက် တစ်လမ်းက ထမ်းဆောင် ကြရမည် ဖြစ်ကြောင်း '' မှာကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်က ကျင့်သုံးလျက် ရှိသော ပြည်သူ့စစ် မဟာဗျူဟာ တွင် သူနာပြု နှင့် ဆေးဘက် ပညာ သိပ္ပံဘွဲ့ရ တပ်မတော်သား များ ထမ်းဆောင် ရမည့် တာဝန်ကို ညွှန်ကြားရာ၌ '' ပြည်သူ့စစ် မဟာဗျူဟာ ကို ဖော်ဆောင် နိုင်ရန်အတွက် ဆိုလျှင် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး လက်တွဲ ပူးပေါင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ ယခုလို ဆောင်ရွက် နိုင်ရန်အတွက် ဆေးဝန်ထမ်း တပ်ဖွဲ့၏ စွမ်းဆောင်နိုင်မှု သည်လည်း တပ်ပြင် စည်းရုံးရေးတွင် အဓိက အထောက်အကူ ဖြစ်စေ တာကိုလည်း သတိပြု ကြရန် လိုကြောင်း ၊ စည်းရုံးရေး ဆိုတာ ခဏတာ ဆောင်ရွက်၍ မရဘဲ ထာဝရ ဆောင်ရွက်ရတာ ဖြစ်၍ ရောက်ရှိရာ ဒေသ များတွင် ပြည်သူလူထု ၏ ကျန်းမာရေး စောင့်ရှောက်မှု များကို အတတ် နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ရင်း ပြည်သူ့စစ် မဟာဗျူဟာ ကို ဖော်ဆောင် သွားရမည် ဖြစ်ကြောင်း ၊ ထို့ကြောင့် တပ်မတော်ကို ခေတ်မီကာ စွမ်းရည်ရှိပြီး ပြည်သူနှင့် တစ်သားတည်း ဖြစ်အောင် လက်ဆင့်ကမ်း တည်ဆောက် ကြရာတွင် စွမ်းအား နှင့် အတတ်ပညာ များကို တစ်ထောင့် တစ်နေရာက အသုံးချ သွားကြရန် လိုအပ်ကြောင်း '' မိန့်ကြား ခဲ့သည်။

နိုင်ငံတော်တွင် ၂ဝ၁၂ ခုနှစ် စာရင်းများ အရ ဆရာဝန် ဦးရေနှင့် လူဦးရေ အချိုးအစားမှာ ၁ အချိုး ၂၂၆၁ ရှိကြောင်း တွေ့ရသည်။ တပ်မတော်သား တို့သည် ပြည်ထောင်စုကြီး အတွင်းရှိ တိုင်းဒေသကြီး များနှင့် ပြည်နယ်များမှ နယ်စပ်ဒေသ များပါမကျန် သွားရောက် တာဝန် ထမ်းဆောင် ကြရာတွင် တိုင်းရင်းသား ပြည်သူများ ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အလေးထား ကူညီ ဆောင်ရွက် ပေးလျက် ရှိသည်။ တပ်မတော် ဆေးတပ်ဖွဲ့ဝင် များသည် အနာရောဂါ ဖိစီးမှုကြောင့် လူမှုဒုက္ခ ဝေဒနာ ခံစား နေကြရ သူများအား ကုသ ပေးခြင်းဖြင့် မွန်မြတ်သော ဇီဝိတဒါန ပြုနေကြ သူများ ဖြစ်သည်။ အနာရောဂါ နှိပ်စက်ခံ ရသောအခါ ဖေးမ ကူညီ ကုသပေး ခြင်းသည် မိတ်ဆွေစစ် မိတ်ဆွေမှန် ( ကလျာဏ မိတ္တ ) တို့၏ သစ္စာတရား ပင် ဖြစ်သည်။

ဤသို့ ဆေးလှူရသော အကျိုးကြောင့် အသက်ရှည်ခြင်း ၊ ခွန်အား ကြီးခြင်း ၊ အဆင်းလှခြင်း ၊ အခြံအရံ များခြင်း ၊ ကိုယ်၏ ချမ်းသာခြင်း ၊ စိတ်၏ ချမ်းသာခြင်း ၊ ဘေးဥပဒ် အန္တရာယ် မရှိခြင်း ၊ စိုးရိမ် ကြောင့်ကြ မရှိခြင်း ၊ သူတစ်ပါးတို့ ရိုသေခြင်း ၊ ချစ်သောသူနှင့် မကွေမကွင်း ရခြင်း ဟူသော အကျိုး ၁ဝ ပါးတို့ကို ရနိုင်သည်။

သို့ဖြစ်၍ ပြည်သူက ပေါက်ဖွား လာသော ပြည်သူ့ တပ်မတော်သား ဆေးတပ်ဖွဲ့ ၀င်တို့သည် ပြည်သူ အားထား ရသော တပ်မတော် သားများ ဖြစ်စေရန် မိမိတို့ ကိုယ်စွမ်း ဉာဏ်စွမ်းအား နှင့် သင်ယူ တတ်မြောက် ထားသော ဆေးပညာ တို့ကို ထိရောက်စွာ အသုံးချ၍ ပြည်သူကို အကျိုးပြု ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger