www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 26, 2013

သေးငယ်သော အပေါက်ကလေး မှ ကျယ်ပြန့်သော မြင်ကွင်းကို မြင်နိုင်သည်


သေးငယ်သော အပေါက်ကလေး မှ ကျယ်ပြန့်သော မြင်ကွင်းကို မြင်နိုင်သည် 

အယ်ဒီတာ့အာဘော်
( ၂၆-၁၂-၂၀၁၃)

အရှေ့တောင် အာရှ ဒေသအတွင်း မူးယစ်ဆေးဝါး ကင်းမဲ့ဇုန် အဖြစ် ၂၀၁၅ ခုနှစ် ကို သတ်မှတ်နိုင်ရန် အရှေ့တောင် အာရှ နိုင်ငံများ အားလုံး က ကြိုးပမ်း ဆောင်ရွက် နေကြပြီ ဖြစ်သည်။ ရည်မှန်းချက် အောင်မြင်ရန် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အတွက် တရားမဝင် သီးနှံ စိုက်ပျိုးမှု သိသာ ထင်ရှားစွာ စဉ်ဆက်မပြတ် လျှော့ချရေး ၊ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း နှင့် မူးယစ်ဆေးဝါး နှင့် ဆက်နွှယ်သည့် မှုခင်းများ သိသာ ထင်ရှားစွာ စဉ်ဆက် မပြတ် လျှော့ချရေး ၊ တရားမ၀င် မူးယစ်ဆေးဝါး သုံးစွဲမှုများ သိသာ ထင်ရှားစွာ စဉ်ဆက်မပြတ် လျှော့ချရေး တို့ဖြစ်သည်။

ကမ္ဘာ့လူသား မျိုးနွယ် တစ်ခုလုံး အညွန့်တုံး စေမည့် မူးယစ်ဆေးဝါး ကင်းစင်ရေး အတွက် မြန်မာနိုင်ငံက ဆောင်ရွက်လျက် ရှိရာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ပပျောက်ရေး ၊ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေး နှင့် တားဆီး နှိမ်နင်းရေး ဟူသော နည်းဗျူဟာ သုံးရပ် ချမှတ် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်တွင် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးကို နိုင်ငံတော် အစိုးရ ၊ တပ်မတော် နှင့် ပြည်သူတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး နှင့်အတူ နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး ကိုပါ နိုင်ငံတော် အစိုးရက ဆောင်ရွက် ပေးလျက် ရှိသည်။

ဒေသတွင်း ခြောက်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို ကမ္ဘောဒီးယား ၊ လာအို ၊ တရုတ် ၊ ထိုင်း ၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံ တို့ တက်ရောက်သော အစည်းအဝေး တွင် လက်မှတ် ရေးထိုး၍ နေပြည်တော် ကြေညာစာတမ်း ကို ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်မြို့နယ် အတွင်း နယ်မြေခံ သတင်းပေးချက် အရ ဘိန်းခင်းများ ဖျက်ဆီးရန် မြို့နယ် ရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တပ်မတော် စစ်ကြောင်း က လုံခြုံရေး လိုက်ပါလျက် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဆုံလောကျေးရွာ မှ စတင် ထွက်ခွာ ခဲ့သည်။ နံနက် ၁ဝ နာရီခွဲခန့် တွင် ဆုံလောကျေးရွာ နှင့် ပါခါးကျေးရွာ အကြား လုကန်ရွာ အနီးသို့ ရောက်ရှိစဉ် အသင့် စောင့်ဆိုင်း နေသော အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့ အင်အား ၅၀ ခန့်က စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်၍ ဗုံးပစ် လောင်ချာ အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သည်။

တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ်ခုခံ ကာကွယ်ခြင်း ကြောင့် နံနက် ၁၁ နာရီခန့် တွင် အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ တပ်မတော် စစ်ကြောင်းက လိုက်လံ ရှင်းလင်းရာ ဘယ်ဘက် လက်မောင်းတွင် ကျားရုပ်ပုံပါ လက်မောင်း တံဆိပ် ၊ ညာဘက် လက်မောင်းတွင် ဓားနှစ်လက်ပုံ ပါ လက်မောင်း တံဆိပ် နှင့် ရင်ဘတ်တွင် S.S.ARMY စာတန်းပါ ပြောက်ကျား ယူနီဖောင်း ဝတ်ဆင် ထားသော အလောင်း တစ်လောင်း ၊ လမ်းလျှောက် စကားပြောစက် တစ်လုံး ၊ မိုင်းနှင့် ဖောက်ခွဲ တိုက်ခိုက်ရာတွင် အသုံးပြု သည့် နိုင်လွန်ကြိုး ပေ ၅ဝ ခန့် တစ်ချောင်း နှင့် ဝါယာကြိုး ပေ ၅ဝ ခန့် တစ်ချောင်း ၊ AAA ဓာတ်ခဲ အသေး ခြောက်လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင် စစ်သည်တစ်ဦး လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။

ကမ္ဘာ့ လူမျိုးနွယ် တစ်ခုလုံး အညွန့်တုံး စေမည့် မူးယစ်ဆေးဝါး ပပျောက်ရေးကို ကမ္ဘာ့နိုင်ငံများ က ဝိုင်းဝန်း ကြိုးပမ်း နေကြချိန်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေး တာဝန် ထမ်းဆောင်ရန် ထွက်ခွာလာသော တပ်မတော် စစ်ကြောင်းအား အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့က အသင့် စောင့်ကြို တိုက်ခိုက်ခြင်း သည် သေးငယ်သော အပေါက်ကလေး မှ ကျယ်ပြန့်သော မြင်ကွင်းကို မြင်နိုင် သကဲ့သို့ တိုင်းရင်းသား ပြည်သူတို့ အပေါ် ထားရှိသော အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့၏ သဘောထား အမှန်ကို ဖော်ပြ နေခြင်းပင် ဖြစ်ကြောင်း တွေ့ရမည် ဖြစ်ပေသည်။ ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger