www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 23, 2013

စစ်အာဏာရှင် မဟုတ်ပါ ( Move for award ... )



ပြည်ချစ်သား ၊ ၂၃-၆-၂၀၁၃


၂၀၁၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် " လူထုပုံရိပ် " ဂျာနယ် စာမျက်နှာ ၂၇ ပါ စာရေးဆရာ အောင်သာ ( ပီသုံးလုံး ) ရေးသားတဲ့ " ဆင်းရဲချမ်းသာ ကွာဟချက် ချောက်ကမ်းပါး နဲ့ စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေး " ဆောင်းပါးကို ဖတ်မိတော့ ပြည်ချစ်သား အနေနဲ့ စာရေးဆရာ မဟုတ်သော် လည်းပဲ စာရေးချင် စရာ ဖြစ်လာတာနဲ့ ဒီဆောင်းပါး ကို ရေးလိုက် ရပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် စတင် တာဝန်ယူခဲ့ပြီး ပထမဆုံး ပြောကြား ခဲ့တဲ့ မိန့်ခွန်းမှာ " မီဒီယာ " ဟာ နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်ပါတယ် လို့ အတိအလင်း မိန့်ကြားခဲ့ပြီး နောက်ပိုင်း ယနေ့ အချိန်အခါ အထိ ပွင့်လင်း မြင်သာ လာခဲ့တာ စာဖတ် ပရိသတ် အားလုံး သိကြတဲ့ အတိုင်းပါပဲ။ ရှု့ထောင့်မျိုးစုံ ၊ ကဏ္ဍမျိုးစုံ က အမျိုးမျိုးသော လူထု ဆက်ဆံရေး နည်းမျိုးစုံ နဲ့ တင်ပြ ခဲ့ကြတာပါ။

စာရေးဆရာ အောင်သာ ( ပီသုံးလုံး )လည်း ၁၉၅၃-၅၄ ခုနှစ်မှာ အဋ္ဌမတန်း ကျောင်းသားကြီး ဆိုတော့ ရှေ့မီ နောက်မီ ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်လို့ လေးစား မိပါတယ်။ ဒီမိုကရေစီ ခေတ်ကာလ ဆိုတော့ မိမိရဲ့ အတွေးပုံရိပ် တွေကို လွတ်လပ်စွာ ရေးသား ထုတ်ဖော် နေကြပြီး ပြည်သူလူထု ကို မျှဝေခံစား နေကြတာပါ ။ အောင်သာ ( ပီသုံးလုံး ) ရဲ့ ဆောင်းပါး ထဲမှာ " ၁၉၅၉ ခုနှစ် နှစ်ဦး ကာလမှာပဲ သမ္မတ စ၀်ရွှေသိုက် ဇနီး နဲ့ ခွန်ကြာနု တို့ ဦးစီးတဲ့ ရှမ်းလက်နက်ကိုင် ပုန်ကန်မှု ဖြစ်လာပါတယ်။ ဖက်ဒရယ်မူကို သန့်ရှင်း နဲ့ တည်မြဲ ဖဆပလ များနဲ့ ပမညတ များက လက်မခံ ကြပါဘူး။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ စစ်အာဏာ သိမ်းမှု အတွက် စစ်အုပ်စုက အာဏာသိမ်းဖို့ အကြောင်းပြချက် ရသွားပါတယ်။ ..... " လို့ ရေးသား ထားပါတယ်။ ရှေ့မီ နောက်မီ ပုဂ္ဂိုလ်ကြီး ကို တစ်ခု ပြောချင်တာက " စစ်အာဏာရှင် " လို့ ပုဂ္ဂိုလ် အချို့ကို ကွက်ပြီး ပြောချင် ပေမယ့် အရေးအသား က တပ်မတော် တစ်ခုလုံးကို သိမ်းကျုံး ပြောသလို ဖြစ်နေပါတယ်။ နောက်ပြီး " ဗမာပြည် စစ်တပ် အကြီးအကဲ များဟာ .... " လုံ့ သုံးနှုန်း ထားတော့ " ဗမာ " ဆိုတာ လူမျိုး ကို ဆိုလိုတာပါ။

မြန်မာစစ်တပ် ဆိုရင်တော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော် ဖြစ်မှာပါ။ " ဗမာ " လို့ မသုံးနှုန်း သင့်ဘူးလို့ ထင်ပါတယ်။ ဦးအောင်သာ က ဘာလူမျိုး လဲလို့ မေးပါရစေ။

မြန်မာနိုင်ငံသား မှန်ရင် မြန်မာ့ တပ်မတော် သမိုင်းကြောင်း လေးတော့ လေ့လာပြီး မျှမျှတတ ရေးသင့် တယ်လို့ ထင်ပါတယ်။ မြန်မာ့ တပ်မတော်ဟာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် ရဲဘော် သုံးကျိပ်တို့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ က စတင် ခဲ့တာပါ။ မြန်မာ့ လွတ်လပ်ရေး ရပြီး ပြည်တွင်း စစ်မီး တောက်လောင်ချိန် ရန်ကုန်အစိုးရ လို့ ခေါ်ရလောက် အောင် ဖြစ်ခဲ့ရတဲ့ ၁၉၄၉ ခုနှစ်က စပြီး တပ်မတော်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို စွမ်းစွမ်း တမံ ဆောင်ရွက် ခဲ့တယ်လို့ ထင်ပါတယ်။

နောက်ပြီး အောင်သာ ( ပီသုံးလုံး ) ရဲ့ ဆောင်းပါးထဲမှာ " စစ်အာဏာရှင် တို့ ထူထောင် ခဲ့တဲ့ ဗျူရိုကရက် အရှင်းရှင် စနစ်ဟာ ( ၁၉၆၂- ၂၀၁၃ ) နှစ် ၅၀ ပဲ ကြာပါတယ်။ စစ်ဗျူရိုကရက် နဲ့ အရှင်းရှင် စနစ်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ထောင့်စေ့စေ့ ကာကွယ် ထားခဲ့တာပါ ..... " လို့ ဖတ်ရတော့ လွန်ခဲ့တဲ့ အတိတ်က အကြောင်းတွေ သိပ်မပြောလို ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့ အရပ်သား အစိုးရကို သွေးထွက် သံယိုမှု မရှိဘဲ နိုင်ငံတော် အာဏာကို လွှဲပြောင်း ပေးခဲ့တယ်လို့ နိုင်ငံတကာ ကလည်း အံ့အားသင့် ခဲ့ရတာပါ။ ဘောင်းဘီချွတ် အရပ်ဝတ် လဲတာပါလို့ ပြောရင်လဲ ယခု အစိုးရ လျှောက်လှမ်း နေတဲ့ လမ်းကို ခန့်မှန်း ကြည့်ရင် မြင်နိုင်ပါတယ်။ တစ်ချိန်က အတိုက်အခံ လို့ ဆိုခဲ့တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံတစ်ဝန်း မှာ ရှိကြတဲ့ ပါတီ ပေါင်းစုံ ၊ အဖွဲ့အစည်း ပေါင်းစုံနဲ့ " မတူတာတွေ ဖယ်ပြီး တူတာတွေ ပေါင်းလုပ် " နေကြတာ နိုင်ငံအတွက် အားပေးကြ ရမှာပါ။

၂၀၀၈ ခုနှစ် ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ လူကဆွဲတာပါ။ ဒါကြောင့် လူကလုပ်ရင် ရပါတယ်လို့ လက်ရှိ အာဏာရ ပုဂ္ဂိုလ် များရဲ့ စကားကို ကြည့်ရင် စေ့စေ့တွေး ရေးရေးပေါ် တော့ မလုပ်ပါနဲ့။ နောက်တစ်ခုက တပ်မတော် အရာရှိ များရဲ့ မတည် ရင်းနှီးငွေ နဲ့ တည်ထောင် ထားတဲ့ " မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် " ကြီး မဟုတ်ပါဘူး။ တပ်မတော် အတွင်း တာဝန်ထမ်းဆောင် နေတဲ့ တပ်မတော် သားများ ၊ အငြိမ်းစား ယူသွားပြီး ဖြစ်တဲ့ တပ်မတော် သားများ၊ တပ်ရင်း / တပ်ဖွဲ့ အသီးသီးရဲ့ ရန်ပုံငွေ များက ချွေးနည်းစာ တွေနဲ့ မတည်ထားတဲ့ ငွေတွေ ဖြစ်ပါတယ်။ ရရှိတဲ့ အကျိုးအမြတ် များကိုလည်း တစ်နှစ် တစ်ကြိမ် ထုတ်ပေး ခံစားစေလျက် ရှိပါတယ်။ ပြည်သူထဲက ပြည်သူပဲ ဖြစ်တဲ့ တပ်မတော် သားတွေရဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

နိုင်ငံတော်ကြီး ( LCD ) ဖြစ်ရတာ ဦးပိုင် ကုမ္ပဏီ ရင်းနှီး မြှုပ်နှံမှုနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ အကြောင်းအချက် များစွာ ရှိပါလိမ့်မယ်။ တစ်ခု ပြောချင် တာကတော့ နိုင်ငံတစ်ခု ရယ်လို့ ဖြစ်လာရင် နယ်နိမိတ် ၊ လူဦးရေ ၊ အချုပ်အခြာ အာဏာ ၊ အစိုးရ နှင့် နိုင်ငံတကာ အသိအမှတ်ပြု မှုဆိုတာ ရှိပါတယ်။ အဲဒီထဲ ကမှ နိုင်ငံတကာ ရဲ့ စီးပွားရေး ပိတ်ဆို့ခံရတဲ့ အချက်တစ်ချက် လည်း ပါမယ် ထင်ပါတယ်။ ဒါကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဟာ စီးပွားရေး ပိတ်ဆို့မှု တွေ ဖြေလျော့ဖို့ တစ်စိုက်မတ်မတ် ကြိုးပမ်း လာတာကို ကြည့်ရင် သိသာ ပါလိမ့်မယ်။

အောင်သာ ( ပီသုံးလုံး ) က လက်ပံတောင်း တောင် အပါအ၀င် မြို့ပြ စက်ရုံ အလုပ်ရုံ အမျိုးမျိုးမှ အလုပ်သမား များရဲ့ တိုက်ပွဲများကို " ကိုယ်စားပြု ရုန်းကန် ရပ်ခံစေပေမယ့် ဘယ်လို ပေါ်ပြူလာ ခေါင်းဆောင် နဲ့ အဖွဲ့အစည်း မျိုးမှ ထွက်ပေါ် လာခြင်း မရှိတာဟာ ၀မ်းနည်းစရာ ကောင်းကြောင်း ကြံ့ဖွံ့ အစိုးရဘက်မှ ရပ်ခံတာမျိုး လုပ်ခဲ့ကြောင်း ၊ စစ်အစိုးရနဲ့ ဟန်ဆောင် ပန်ဆောင် ရထားတဲ့ မိတ်ဖွဲ့မှု ကလေး ပြိုကွဲ သွားမှာကို ကြောင့်ကြ နေကြဟန် တူပါတယ် .... " လို့ ဖတ်ရတော့ ဒီကနေ့ လက်ပံတောင်း တောင်ကိစ္စကို တာဝန်ယူ စုံစမ်း ဖော်ထုတ် ပေးခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီး ဒေါ်အောင်ဆန်း စုကြည် (အမေစု) ကို အားနာမိ ပါတယ်။ အမေစုမှာ အဲဒီလို စိတ်ဓာတ်မျိုး မရှိဘူးလို့ ပြောရဲပါတယ်။ အဲဒီလိုဆို အမေစုရဲ့ အနှစ် ၂၀ ကျော် အကျဉ်းစံ ဘ၀တွေဟာ အလကား ဖြစ်သွားမှာပေါ့။

ယခု အချိန်မှာ နိုင်ငံတော် အစိုးရနဲ့ လက်တွဲ ဆောင်ရွက် နေကြတဲ့ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်း များဟာ အမိနိုင်ငံ တိုးတက်ရေး လုပ်ဆောင် နေကြတာ ပြည်သူအများ အသိပါ။ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အတွက် လုပ်ဆောင် နေကြပါတယ်။ ယနေ့ခေတ်က ပွင်းလင်း မြင်သာမှု မရှိလို့ မရပါဘူး။ ကျွန်တော် အပါအ၀င် နိုင်ငံသား အားလုံးက အမိ မြန်မာ နိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာ ဖွံ့ဖြိုး တိုးတက်ပြီး ချမ်းသာမှုကို ခံစားချင်တဲ့ လူများ ဖြစ်ပါတယ်။ တိုးတက်မှု တိုးတက် လာကြောင်း အတွက် လမ်းမှန် ရင်တော့ လက်တွဲ လျှောက်လှမ်းဖို့ ပြောချင်ပါတယ်။ အများ ပြည်သူ တွေဝေ စေမယ့် အပြောတွေ ၊ နောက်ကြောင်းပြန် လှည်နိုင်မယ့် ဝေဖန်မှု တွေနဲ့ အချိန်ကုန် မနေဘဲ အမေရိကန် သမ္မတ နဲ့ သမ္မတ ဦးသိန်းစိန် ပြောခဲ့သလိုပဲ Move for award လုပ်ကြပါစို့ လို့ တိုက်တွန်း လိုက်ချင်ပါတယ်။

ပြည်ချစ်သား

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger