www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 25, 2010

ဆရာဝန်ဟာသများ

လိုက်ကိုက်ရမယ့်လူစာရင်း

ဆရာဝန် ။ ။ ခင်ဗျားခန္ဓာကိုယ်ထဲမှာ ခွေးရူးပြန် ရောဂါပိုးတွေ့နေပြီ။

လူနာ ။ ။ ဟုတ်လား၊ ဒါဆို စာရွက်နဲ့ ခဲတံ ပေးပါဆရာ။

ဆရာဝန် ။ ။ ဘာလဲ ခင်ဗျား သေတမ်းစာ ရေးမလို့လား။

လူနာ ။ ။ မဟုတ်ပါဘူး။ လိုက်ကိုက်ရမယ့် လူစာရင်း ပြုစုမလို့ပါ။

-----

ကလေးမလေးရဲ့ ကံဇာတာ

လူနာ ။ ။ ကျုပ် မကြာခင် အိမ်ထောင်ပြုတော့မလို့။

ဆရာဝန် ။ ။ ဘကြီးအသက် ဘယ်လောက် ရှိပြီလဲ။

လူနာ ။ ။ ကျုပ်က ၇၈ နှစ်၊ ကလေးမက ၂၃ နှစ်။

ဆရာဝန် ။ ။ အသက်ကွာဟချက် ဒီလောက်များနေရင် အသက်အန္တရာယ်ပါ စိုးရိမ် ရနိုင်ပါတယ်

လူနာ ။ ။ ဒါဆိုလည်း ကလေးမရဲ့ ကံဇာတာက ဒီလောက်ပဲ ပါတယ်လို့ပဲ ကျုပ်က တရားနဲ့ ဖြေရုံပေါ့ဗျာ။

-----

ဂုဏ်ယူသင့်တယ်

ဆရာဝန် ။ ။ ခင်ဗျား ဂုဏ်ယူသင့်တယ်။

လူနာ ။ ။ ဒီလောက် အသည်းအသန် ဝေဒနာခံစား နေရတာဗျာ၊ ဘာကို ဂုဏ်ယူရမှာလဲ။

ဆရာဝန် ။ ။ သြော် .. အခု ခင်ဗျားခံစားနေရတဲ့ ရောဂါက ကမ္ဘာပေါ်မှာ မပေါ်ပေါက်သေးဘူး။ ဒါကြောင့် ဒီရောဂါသစ်ကို ခင်ဗျားရဲ့ အမည်မှည့်ခေါ်ဖို့ ၀ိုင်းဝန်း ဆုံးဖြတ်လိုက်ကြပြီ။

Wednesday, February 10, 2010

မန္တလေးရွှေမြို့တော်ကပြန်ခဲ့တယ်



ပြီးခဲ့တဲ့နှစ်တုန်းက စာရေးသူကို ချစ်ခင်ကြသူများက ဒေါက်တာမတင်ဝင်း ခရီးသွားနှစ်လို့ ပြောပြီး ချစ်ခင်စွာစုစည်းပြီး အတွေ့အကြုံ အဖုံဖုံကို မေးကြ မြန်းကြရင်း သတိထားဦး၊ သိပ်ပြီး အတင့်ရဲမနေနဲ့၊ အသက်ရလာပြီ မဟုတ်လားလို့ မေးမေးပြောပြောနဲ့ သတိပေးတာကို စားရေးသူက စိတ်မဆိုးပေမယ့် အသက်အကြောင်း ပြောခြင်း သည်းခံပါလို့ ရယ်ရယ်မောမော နဲ့ ပြန်ပြောလိုက်တော့ ၀မ်းမြောက်ဝမ်းသာ ရယ်မောကြပါတယ်။

အဲသည်လိုနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက ရွှေမန္တလေးမြို့တော်ကို တစ်ခေါက် ရောက်ခဲ့ပြီး မြန်မာ့ရိုးရာ ဒီဇိုင်းဆရာကြီး ဦးအေးမြင့် ထံက သိမှတ်စရာ အဖြာဖြာကို သင်ယူခဲ့ပါတယ်။ ဆရာကြီးကလည်း ကရားရေလွှတ် တတွတ်တွတ် ဆိုသလို သင်ပြနည်းကို သိပ်စိတ်ဝင်စား တာကလား။ အသက်အားဖြင့် ကျွန်မထက် ၁၀ နှစ်ကြီး ပေမယ့် စာသင်ပေးတာတော့ မလျော့သေးပါဘူး။ မန္တလေး ရွှေမြို့တော်ကလည်း ကြည့်ချင်စရာတွေ၊ မှတ်သား လေ့လာစရာတွေက များလေတော့ လက်ညှိုးကို ဟိုဘက်ညွှန်လိုက်၊ သည်ဘက်ညွှန်လိုက်နဲ့ တကယ့်ကို သိစရာ တတ်စရာ တစ်ချက် တလေတောင်မှ မချန်ရစ်ခဲ့တဲ့ ဆရာကြီး တစ်ဦး ဖြစ်ပါတယ်။

စာရေးသူကလည်း အသက် ဘယ်လောက်ပဲ ကြီးကြီး တပည့်အရာမှာနေပြီး တပည့်ပီသစွာ ပညာစုဆောင်းခဲ့ပါတယ်။ အဲသည်နည်းကတော့ ပြောတာတွေကို အကျအပေါက် များစွာနဲ့ မမှီမကမ်း လိုက်လံရေးမှတ်ပြီး ပြန်လာမှ သမီးရေ ဘယ်နေရာမှာ အမေတို့ ဘာကို လေ့လာခဲ့တာလဲ ဆိုတဲ့မေးခွန်းတွေကို ပြန်ပြန်ပြီး မေးရပါတယ်။

အကောင်းဆုံးသော သင်ယူခြင်းကတော့ ဆရာကြီးတို့အိမ်ကို ညနေစောင်းမှာ ပြန်ပြီး လိုက်ပို့ရင်း ဆရ်ာကြီးရဲ့ မိသားစုက ကျွေးလိုက်တဲ့ မုန့်ပေါင်းနဲ့ အကြော်စုံများကို စားရတာပဲ ဖြစ်ပါတယ်။ ဒီတစ်သက်တော့ ပြန်မှတွေ့ရ ပါတော့မလားလို့ ထင်ထားတဲ့ ငယ်သူငယ်ချင်း အချင်းချင်း ပြန်တွေ့ရလို့ မြိန်ရှက်သော အရသာကို ခံစားရပါတယ်။ ဆင်ဖြူကျွန်းသူ ကျွန်မက မုန့်ပေါင်းကို ရန်ကုန်မှာစားရတာ တယ်ပြီး ခံတွင်းမတွေ့ပါဘူး။ အမရပူရက မုန့်ပေါင်းကို တွေ့တော့မှ တော်သေးရဲ့၊ ပြန်တွေ့ကြရ သေးရဲ့လို့ အဆွေအမျိုးချင်း ဖက်လဲတကင်း ပြုသလိုပါပဲ။ အားမနာတမ်း စားတော့တာပါပဲ။ ကျွန်မတို့က မြို့တော်သူတွေလို မဟုတ်ပါဘူး။ စားစေချင်လို့ ကျွေးတာ အားရပါးရ စားသာ စားကြပါ။ ကုန်အောင် မစားတော့ဘူးလားလို့ အိမ်ရှင် ဆရာကြီးရဲ့ ဇနီးနဲ့ မိသားစုများက ပြောပါတယ်။ စားလို့မပြီး ခင်မှာဘဲ သမီးက ဘာကြိုက်တတ်တယ်၊ အမေက ဘာကြိုက်တတ်တယ် ဆိုတာကို သိပြီးသားဆိုတော့ လက်ဖက်ရည်နဲ့ နွားနို့ ပူပူးလေးများကို ထပ်ပြီး သောက်ကြရပြန် ပါတယ်။

သမီးကတော့ လက်ဖက်ရည် သောက်လိုက်ရတာ လန်းဆန်းသွားတာပဲ လို့ ပြောပါတယ်။ အမေလည်း နွားနို့စစ်စစ် ကို အခုမှ ပြန်တွေ့ရသလို သောက်ကောင်းကောင်း နဲ့ တစ်ဖန်ခွက်ကြီးကို သောက်လိုက်မိပါတယ်။ ဆရာကြီးလည်း '' မင်းကျန်စစ်ကို ချစ်တဲ့သူများ " စာအုပ်ကို ဖတ်မိရာက ကျန်စစ်သားမင်းကြီးနဲ့ သားတော် ရာဇကုမာရ် တို့ရဲ့ သားအဖတို့ကြားမှ လှပတဲ့ ချစ်ခင် လေးစားမှုကို ဖော်ကျူးထားတဲ့ ပန်းချီကား တစ်ချပ်ရဲ့ ကောက်ကြောင်းကို ရေးဆွဲထားတာကို ပြပြီး ရသကို ခံစားနိုင်အောင် ရှင်းလင်း ပြောပြပါတယ်။ အဲဒီကားကို ပြပွဲအမီရေးဆွဲဖို့ ဆရာကြီး ကြိုးစားနေပါတယ်။

ကျွန်မတို့ကတော့ ကံကောင်းပြီးရင်း ကံကောင်းရင်း ဆိုသလိုပဲ ဆရာကြီးရဲ့ ရှင်းလင်း ပြောပြတာတွေကို နားထောင်ခွင့် ရခဲ့ပါတယ်။ အိမ်တွင်းနေတာနဲ့ အပြင်ထွက်တာ ဘယ်လို ကွာခြားသလိုဆိုတာ အဲဒီ အတွေ့အကြုံက သက်သေ ပြနေပါတယ်။

ပထမဦးဆုံး သိသင့်တာကတော့ မိမိနိုင်ငံနဲ့ ပတ်သက်တဲ့ သိစရာ၊ ကြည့်စရာ မြင်ကွင်း အဖြာဖြာနဲ့ ခံစားသင့်တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ခံစားနိုင်အောင် ပြည်တွင်း ခရီးများထွက်နိုင်ရင် ထွက်သင့်ပါတယ်လို့ စားရေးသူ ယူဆပါတယ်။ နိုင်ငံခြား ခရီးများ မထွက်သင့်ဘူး လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်အကြောင်းမှ ကိုယ်မသိဘဲနဲ့ သူများ အကြောင်းကို လေ့လာဖို့ ဆိုတာက စဉ်းစားလေလေ အလှမ်းကျယ်တော့ အလယ်လပ်လေလေ ဖြစ်တတ်တယ် ဆိုတာကို အားလုံးလည်း သတိထား မိကြမယ်လို့ မျှော်လင့်ပါတယ်။

မကြာခင်က အစည်းအဝေး တစ်ခုမှာ ကြုံခဲ့တဲ့ မိတ်ဆွေကြီး တစ်ယောက်က ပြောပါတယ်။ စင်ကာပူမှာ မြန်မာပိတောက်ပန်း ကအစ မြန်မာပန်း မျိုးစေ့လေးတွေကို မြန်မာပြည် ရောက်တိုင်း ယူယူသွားရင်းနဲ့ စိုက်ပျိုးကြပါသတဲ့။ အခုတော့လည်း သူတို့နိုင်ငံမှာ မြန်မာပန်းတွေနဲ့ ဝေနေတာဟာ စိတ်ဝင်စား စရာပဲလို့ မိတ်ဆွေကြီးက ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်မက အလန့်တကြားနဲ့ တွေးလိုက်မိတာကတော့ နောင် အမှတ်တမဲ့သာ ဆက်နေသွားရင် သူများနိုင်ငံ သွားလည်မှ မိမိတို့ ဌာနပန်းတွေကို မွှေးခွင့်၊ ပန်ခွင့် ရကြတော့မယ့် အခြေအနေကို ရောက်သွားရင် ဒုက္ခပဲလို့ တွေးလိုက်မိပါတယ်။ ကိုယ်ပိုင်နေတော့ ဘယ်လောက်များ အဖိုးတန်လို့ ပြောကြမှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်ပြီးသားကို တကယ်တမ်း လက်လွှတ်ကြရ တော့မှ အသည်းနာစရာတွေ ဖြစ်ကုန်ကြမှာကို ကြိုတင်စဉ်းစားရင်း ကိုယ့်မှာရှိတာကို ကိုယ်ထိန်းသိမ်း ကြဖို့လိုပါတယ်။ ။

ဒေါက်တာမတင်ဝင်း
(ပညာရေးတက္ကသိုလ်)

Monday, February 8, 2010

ဘဝခရီးသည်

ဘဝခရီးသည်

ဖြစ်ချင်သမျှ၊ ဖြစ်လာရဖို့

နေ့ညမရှောင်၊ လုံ့လဆောင်၍
အောင်ပွဲဆင်ကာ၊ ၀မ်းသာကြည်နူး
ပျော်မြူးခဲ့ ရဖူးပါပြီ။

မဖြစ်ချင်သမျှ၊ ဖြစ်လာရ၍
ဒုက္ခလမ်းမှာ၊ ပင်ပန်းစွာဖြင့်
ဖြတ်သန်းကူးခဲ့ ဖူးပါပြီ။

ဖြစ်ချင်တာဖြစ်
ဖြစ်ချင်တာမဖြစ်
မဖြစ်ချင်တာဖြစ်
မည်သို့ဖြစ်ဖြစ်၊ ဖြစ်ပျက်သဘော
လိုက်လျောဆင်ခြင် ခရီးနှင်ဆဲ ။ ။

နုသဇင်
(၂ဝ၁ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလထုတ် မြ၀တီရသစုံမဂ္ဂဇင်း)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page